မကွေးတိုင်းအတွင်း တားမြစ်ဆိုးဆေးပါ ငါးပိများ ဝင်ရောက်နေ

မကွေးတိုင်းအတွင်း တားမြစ်ဆိုးဆေးပါ ငါးပိများ ဝင်ရောက်နေ

မကွေး၊ ဇူလိုင် ၂၃ ။        ။ မကွေးဒေသတွင်းသို့ တားမြစ်ဆိုးဆေးပါ ငါးပိများ ၀င်ရောက်နေကြောင်း သတင်းအရ တားဆီးနိုင်ရေး ဆောင်ရွက်နေကြောင်း မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဌာနမှ သိရသည်။

ရန်ကုန်မြို့၊ ဘုရင့်နောင်ရှိ ပွဲရုံများအား FDA မှ ရွေ့လျားဓာတ်ခွဲခန်းဖြင့် ၀င်ရောက်စစ်ဆေးခြင်းများ ဆောင်ရွက်မှု အကျိုးဆက်အဖြစ် ဆိုးဆေးပါ ငပိများကို အခြားတိုင်းဒေသကြီးများသို့ ကုန်ကားများဖြင့် သယ်ယူပို့ဆောင်မှုများ ရှိနေကြောင်း ၊ မကွေးတိုင်းဒေသကြီးအတွင်းသို့လည်း ၀င်ရောက်မှုများရှိနေကြောင်း သတင်းအရ စျေးကွက်ထောက်လှမ်းမှုများ လုပ်ဆောင်ပြီး တားဆီးနိုင်ရေး   ဆောင်ရွက်နေရကြောင်း မကွေးတိုင်း FDA တာဝန်ခံ ဒေါက်တာပြည့်ထူးက ပြောသည်။

ဆက်လက်၍ ဒေါက်တာပြည့်ထူးက "လတ်တလော ရန်ကုန် ဘုရင့်နောင်ဘက်က ပွဲရုံတွေကို FDA က ရွေ့လျားဓါတ်ခွဲခန်းနဲ့ ၀င်စစ်လိုက်တယ်၊ အဲဒီမှာ ပဲပြားတွေမှာ ဖော်မလင်တွေ့တာ ၊ ငါးပိတွေမှာ ဆိုးဆေးတွေပါတာ တွေ့ရတယ်၊ တွေ့တဲ့ပစ္စည်းတွေကို မျက်မြင်ဖျက်ဆီးတယ်။ အဲဒီမှာ နောက်ကွယ်က သိုလှောင်ရုံတွေမှာရှိတဲ့ ငပိတွေက ကုန်တင်ကားတွေနဲ့ အဓိကတိုင်းကြီး (၄)တိုင်းဖြစ်တဲ့ မကွေး၊ ပဲခူး၊ စစ်ကိုင်း၊မန္တလေးတိုင်းတွေကို ပျံ့နေတယ်ဆိုတဲ့ သတင်းရတယ်၊ သတင်းပေးတဲ့ သူလည်းရှိတယ်၊ အဲဒါကြောင့် ဒေသတွင်းက ငပိတွေကိုဝယ်ပြီး ဓါတ်ခွဲစစ်တာ ၊ စျေးကွက်ထောက်လှမ်းတာတွေ လုပ်နေပါတယ်"ဟု ပြောသည်။

စျေးများတွင်အဖွဲ့စုံဖြင့် စစ်ဆေးသည့် အခါ စစ်သည့်အဖွဲ့ စျေးအရှေ့ဘက်ခြမ်းမှာ ရောက်နေပြီဆိုလျင် အနောက်ဘက်ခြမ်း၌ သိမ်းခြင်း၊ ဖွက်ခြင်းများလုပ်နိုင်သည့် အတွက် နမူနာဝယ် စစ်ဆေးခြင်းများကို အဓိကထား လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အောင်လံ၊ ပခုက္ကူ၊ မကွေးမြို့များတွင် စတင်လုပ်ဆောင်နေပြီး ဘုရင့်နောင်ပွဲရုံမှ မကွေးတိုင်းထဲသို့ ၀င်လာနိုင်သည့် လမ်းကြောင်းများ၊ ၀င်ပေါက်မြို့များရှိ စျေးများ၌ PMS စျေးကွက်နမူနာ ကောက်ယူခြင်းများ လုပ်ဆောင်နေပြီဖြစ်ကြောင်း  သိရသည်။

" စားသုံးရန်မသင့်တဲ့ စားသောက်ကုန်ပစ္စည်းတွေကို သိမ်းဆည်းခြင်း၊ လက်ကျန်ပစ္စည်းဖျက်ဆီးခြင်း၊ လက်လီ မှတစ်ဆင့် ပင်ရင်းထုတ်လုပ်ဖြန့်ချိတဲ့ နေရာတွေကို ရှာဖွေပြီး ပြင်းထန်စွာ သတိပေးခြင်း ဆိုတဲ့ လုပ်ဆောင်ရတဲ့ အဆင့်တွေရှိပါတယ်။

SME ကဏ္ဍလျော့ ကျသွားတာမျိုး မဖြစ်ရအောင် လုပ်ငန်းပိတ်သိမ်းတာတွေတော့ မလုပ်သေးပါဘူး၊ သတိပေးပြီးရင် သူတို့ထုတ်ကုန်ကို ပြင်ခိုင်းမယ်၊ ဘယ်လိုကောင်းအောင်လုပ်ရမယ်ဆိုတဲ့ အသိပညာတွေပေးသွားမယ်၊ ဒီလိုလုပ်လို့မှာ ဒီပစ္စည်းမှာပဲ ကန့်သတ်ဆိုးဆေးတွေ ပြန်တွေ့ရင်တော့ ရောင်းချခွင့် လိုင်စင်သိမ်းတာတွေ၊ စီမံခန့်ခွဲမှုနည်းအရ အခြားအရေးယူတာတွေ၊ တရားဥပဒေအရ အရေးယူနိုင်အောင် တရားလိုအနေနဲ့ တရားရုံးကို တင်ပြသွားတာတွေ လုပ်ရပါမယ်" ဟု ဒေါက်တာပြည့်ထူး က ဆိုသည်။

ခွင့်ပြုဆိုးဆေးသုံးသော်လည်း သုံးရမည့် ပမာဏထက် ပိုသုံးထားသည့် ခွင့်ပြုပိုလျှံ ဆေးပါ၀င်သည့် မုန့်များကို သတိပေးတားမြစ်ထားကြောင်း၊ ခွင့်မပြု ဆိုးဆေးပါသည့် မုန့် ကာလတန်ဖိုး နှစ်သိန်းခွဲဖိုးခန့် နှင့် မကွေး၊ မင်းဘူး၊ ပခုက္ကူ မြို့များ တွင် ဆိုးဆေးပါသည့် ငရုတ်သီးမှုန့် ငွေကျပ်(၄)သိန်းကျော်ဖိုး ဖျက်ဆီးနိုင်ခဲ့ကြောင်း၊  ငရုတ်သီးမှုန့်များတွင် ယခင်က ခွင့်မပြု ဆိုးဆေး(၇၀)ရာခိုင်နှုန်းမှ (၈၀)ရာခိုင်နှုန်းထိ ပါ၀င်သည်ကို တွေ့ခဲ့ရပြီး ယခုနောက်ပိုင်း ပြန်စစ်သည့် အခါ ၂၀ရာခိုင်နှုန်းမှ ၃၀ရာခိုင်နှုန်းခန့်သာ တွေ့ရှိရကြောင်း FDA ရုံးမှတ်တမ်းများအရ သိရသည်။

ခွင့်မပြုဆိုးဆေးဖြစ်စေ၊ ခွင့်ပြုဆိုးဆေးဖြစ်စေ ကျန်းမာရေးကို အနည်းနှင့် အများ ထိခိုက်နိုင်ပြီး ဓာတုပစ္စည်း စားသည့်ထဲပါသွားလျင် အသည်းနှင့် ကျောက်ကပ်ကို အဓိက ထိခိုက်ကြောင်း၊ ချက်ချင်းစားပြီး ချက်ချင်း အန္တရာယ်ဖြစ်တာမျိုး မဟုတ်ဘဲ ၁၀ နှစ်၊ ၁၅နှစ်ကြာမှ အသည်းအဆီဖုံး၊ အသည်းကင်ဆာ၊ ကျောက်ကပ်နဲ့ ပတ်သက်တဲ့ ရောဂါအမျိုးမျိုး ဖြစ်နိုင်ကြောင်း၊ ၀က်စာ အဖြစ်သတ်မှတ်ရောင်းချသည့် ငါးပိများကို အချို့သော ပြည်သူများ စားသုံးနေသည်မှာ မဖြစ်သင့်ကြောင်း FDA စျေးကွက်ထောက်လှမ်းရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required