နောက်တိုးတရားခံ ၄ ဦးအား ထည့်စစ်ဆေးပါက တရားခံပြေးအောင်ဝင်းခိုင်အား အနီးစပ်ဆုံးဖော်ထုတ်နိုင်မည်ဟု ဆို

နောက်တိုးတရားခံ ၄ ဦးအား ထည့်စစ်ဆေးပါက တရားခံပြေးအောင်ဝင်းခိုင်အား အနီးစပ်ဆုံးဖော်ထုတ်နိုင်မည်ဟု ဆို

ရန်ကုန်၊ ဇွန်လ ၃ဝ ။           ။ ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုတွင် နောက်တိုးတရားခံ ၄ ဦးအား ထည့်သွင်း စစ်ဆေးပါက ဗိုလ်မှူးကြီးဟောင်းဖြစ်သူ တရားခံပြေးအောင်ဝင်းခိုင်အား ဖမ်းဆီးရမိရန် အနီးစပ်ဆုံး ဖော်ထုတ်နိုင်မည်ဟု ယုံကြည်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

လက်ရှိ ကြည်လင်းအပါအဝင် ၄ ဦးအပြင် နောက်တိုးတရားခံ ၄ ဦးနှင့် သက်သေ ၂ ဦးအား ထပ်မံထည့်သွင်းပေးရန် ဥပဒေအရာရှိမှတစ်ဆင့် တင်သွင်းခဲ့ခြင်း ဖြစ်ပြီး သဘောထားမှတ်ချက် အနေဖြင့် ထားရှိခဲ့ကြောင်း  သိရသည်။

ထိုသို့ နောက်တိုးတရားခံနှင့် သက်သေများအား ထည့်သွင်းစစ်ဆေးနိုင်ရန် ဒုတိယခရိုင်ဥပဒေအရာရှိ ဦးအောင်နိုင်ဦးမှတဆင့် တင်သွင်းဆောင်ရွက်ခဲ့သော်လည်း လက်ရှိတွင် နောက်တိုး တရားခံများမှာ ပေါ်ပေါက်ခြင်းမရှိသေးသည့်အတွက် သဘောထားမှတ်ချက်အနေဖြင့် ထားရှိခဲ့ခြင်း ဖြစ်သည်။

“အဲ့ဒီနောက်တိုး စွပ်စွဲခံရသူများအဖြစ် ထည့်သင့်တဲ့ ပုဂ္ဂိုလ်တွေဟာ ဒီအမှုမှာ ကွင်းဆက်အနေနဲ့ ပါဝင်နေတယ်။ ကွင်းဆက်အနေနဲ့ ပါဝင်တဲ့ ဇာတ်ကောင်တွေဖြစ်လို့ အဓိကလည်း ကျနေတယ်။ အဲ့ဒီ စွပ်စွဲခံရသူ လေးဦးကို နောက်တိုးအဖြစ်နဲ့ ထည့်လိုက်မယ်ဆိုရင် ပြေးနေတဲ့ အောင်ဝင်းခိုင်ရဲ့ အစအနကို တော်တော်လေး နီးနီးစပ်စပ်ဖော်ထုတ်နိုင်မယ် လို့ ကျွန်တော်တို့က ယုံကြည်တာ”ဟု အငှားယာဉ်မောင်း ကိုနေဝင်းမိသားစုဘက်မှ လိုက်ပါဆောင်ရွက်သူ ဦးရောဘတ်စန်းအောင်က ပြောခဲ့ပြီး ယင်း ၄ ဦး နာမည်များကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။

နာမည်ထုတ်ဖော်မပြောဆိုခဲ့သော်လည်း နောက်တိုးတရားခံ ၄ ဦးနှင့် သက်သေ ၂ ဦးတို့မှာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ   ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲမှ ပေါ်ပေါက်ခဲ့သူများဖြစ်ကြောင်း သိရသည်။

သဘောထားမှတ်ချက်အဖြစ်ထားရှိခဲ့မှုအပေါ် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး ဒုတိယခရိုင် တရားသူကြီး ဦးရဲလွင်က လိုပြသက်သေတွေကို ဆက်လက်စစ်ဆေးပြီးမှပဲ စစ်ဆေးသင့်၊ မစစ်ဆေးသင့် စဉ်းစားမည်ဟု တင်ပြထားကြောင်း ပြောသည်။

“ နောက်တိုးတရားခံလျှောက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ အမှုလိုက်ဥပဒေအရာရှိက အထူးခုံရုံးကိုတင်ပြတာကတော့ တရားလွှတ်တော်ရှေ့နေဦးရောဘတ်စန်းအောင်ဟာ သူတို့ အမှုလိုက်ဥပဒေအရာရှိတွေဆီကို စာနဲ့တင်ပြထားတာတွေ ရှိတယ်ဆိုတဲ့ အကြောင်း၊ ဒါပေမယ့် လောလောဆယ် တရားလိုကိုပဲ စစ်ဆေးရသေးတဲ့အတွက်ကြောင့်မို့လို့ တရားရုံးကို မတင်ပြသေးဘဲနဲ့ ကျန်တဲ့ လိုပြသက်သေတွေကို ဆက်လက်စစ်ဆေးပြီးမှပဲ နောက်တိုးတရားခံ လျှောက်ထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အထူးခုံရုံးကို ဆက်လက်တင်ပြသင့်၊ မသင့် စဉ်းစားမယ်လို့ အမှုလိုက်ဥပဒေအရာရှိက တင်ပြထားတာရှိပါတယ်”ဟု ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး ဒုတိယခရိုင်တရားသူကြီး ဦးရဲလွင်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥပဒေအကြံပေး ရှေ့နေဦးကိုနီနှင့် အငှားယာဉ်မောင်းကိုနေဝင်းတို့ အသတ်ခံခဲ့ ရသည့် အမှုအား ယနေ့ ဇွန်လ ၃ဝ ရက်နေ့ရက်ချိန်းတွင် ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံး၌ သေနတ်သမား ကြည်လင်းအပါ ၄ ဦးနှင့် သက်ဆိုင်သည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၃ဝ၂/ ၃၄/ ၂၁၂ အမှုနှင့် ပတ်သက်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တာဝန်ကျရဲအရာရှိ တရားလိုရဲအုပ်မိုးနိုင်အား စစ်ဆေး ခဲ့ခြင်းဖြစ်ကာ လာမည့် ဇူလိုင် ၇ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required