ဘယ်သူ့အပေါ်မှ အာဃာတ မထားခဲ့ကြောင်း သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ပြော

ဘယ်သူ့အပေါ်မှ အာဃာတ မထားခဲ့ကြောင်း သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ပြော

ပုသိမ်၊ မေ ၂၄ ။  ။ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်သည် ၂၁ရာစုပင်လုံညီလာခံကို ကြိုဆိုသည့်အနေဖြင့် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မေလ ၂၄ရက် နံနက်က တောင်ငူအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။ 

"ကျွန်တော် ထောင်ထဲကျသွားတဲ့အတွက် ကျွန်တော်မှာ အမြတ်တွေရှိခဲ့ပါတယ်။ အရှုံးမရှိခဲ့ပါဘူး ဘာဖြစ်လိုလဲဆိုတော့ စာရင်းကောက်စရာမလိုဘဲ ပြည်သူနဲ့ ရဟန်းရှင်လူ ထောက်ခံမှုကိုလည်းရခဲ့တယ်။ ပါရမီဖြည့်ခွင့်ရခဲ့တယ်။ အမြတ်ထွက်ပါတယ်။ အားလုံးကိုကျေးဇူးတင်တယ်။ ကျွန်တော်ဘယ်သူမှ အာဃာတ မထားခဲ့ပါဘူး။ အားလုံးကိုမေတ္တာပို့ပါတယ်။ အထူးသဖြင့် ဧရာဝတီတိုင်းသူတိုင်းသားများနဲ့ ပတ်သက်လိုတော့ ကျွန်တော့်ကို လိုအပ်တာရှိရင်တာဝန်ပေးအပ်နိုင်ပါတယ်”ဟု ဦးဆန်းဆင့်က မဇ္ဈိမသို့ပြောသည်။

၎င်းလွတ်မြောက်လာမှုအပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးထင်ကျော် နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့အပေါ် ပထမဆုံး ကျေးဇူးတင်လိုကြောင်း ဦးဆန်းဆင့်က ပြောသည်။ 

ယင်းအပြင် သံဃမဟာနာယကအဖွဲ့က မဟနဆရာတော်များ နှင့် ဧရာဝတီတိုင်းက ဆရာတော်များကိုလည်း ကျေးဇူးတင်ကြောင်း ဆက်ပြောသည်။

"ကျွန်တော် ထောင်ကျနေတုန်းက ကျွန်တော်ကိုမတွေ့ရပေမယ် တချို့ဆရာတော်တွေ ဧရာဝတီတိုင်းသူတိုင်းသားတွေက စားရာတွေပေးသွားတာတွေ ကျေးဇူးတင်ပါတယ်။" ဟုလည်း ဦးဆန်းဆင့်က ပြောသည်။ 

၎င်းက ဆက်လက်ပြီး "ကျွန်တော့်အနေနဲ့ ပြည်သူလူထုအားလုံးက ကျွန်တော့်အပေါ်မှာမေတ္တာထားပြီး ဆောင်ရွက်ပေးစေချင်တဲ့ ဆန္ဒရှိရင်တော့ ကျွန်တော်ပြည်သူ့ဝန်ထမ်းဖို့ အဆင့်သင့်ရှိပါတယ်”ဟု ပြောသည်။ 

သာသနာရေးဝန်ကြီး (ဟောင်း) ဦးဆန်းဆင့်ကို ပုဒ်မနှစ်ခုပေါင်း ထောင် ၁၃ နှစ်နှင့် ငွေဒဏ် ကျပ် ၁ သိန်းကို အောက်တိုဘာ ၁၇ ရက် နံနက်က နေပြည်တော် ဒက္ခိဏသီရိခရိုင် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။ ဦးဆန်းဆင့်အား ပြစ်မှုကြီးမှု ၄၁/၂၀၁၄ ပုဒ်မ ၄၀၉ ယုံကြည်အပ်နှံအလွဲသုံးမှုအတွက် ထောင်ဒဏ် ၃ နှစ် အမိန့်ချလိုက်ပြီး  ပြစ်မှုကြီးမှု ၄၂/၂၀၁၄ ပုဒ်မ ၁၂၄(က) နိုင်ငံတော်အကြည်ညိုပျက်စေမှုအတွက်ကိုမူ ထောင်ဒဏ် ၁၀ နှစ် (တစ်သက်တစ်ကျွန်း)နှင့် ဒဏ်ငွေ ကျပ် ၁ သိန်း ချမှတ်ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံညီလာခံကို ကြိုဆိုသောအားဖြင့်လည်း သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံအတွင်းက အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျနေသည့် နိုင်ငံသားအကျဉ်းသား ၁၈၆ဦး နှင့် နိုင်ငံခြားသားအကျဉ်းသား ၇၃ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးလိုက်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required