၂၁ ရာစုပင်လုံမတိုင်ခင် ရခိုင်၌ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်ရရန် ANP တောင်းဆိုမည်

၂၁ ရာစုပင်လုံမတိုင်ခင် ရခိုင်၌ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်ရရန် ANP တောင်းဆိုမည်

ရန်ကုန် ၊ မေ ၁၁ ။           ။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေး စတင်မည့် မေလ ၂၄ ရက်နေ့ မတိုင်မီ ရခိုင်ပြည်နယ်၌ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်ရရန် တောင်းဆိုသွားမည်ဟု ရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

မေလ ၁၂ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အစည်းအဝေးတွင် တောင်းဆိုရန် ပါတီမှ တာဝန်ပေးအပ်ထားသည်ဟု ဒေါက်တာအေးမောင်က ဆိုသည်။

" UPDJC  အစည်းအဝေးမှာ ရခိုင်ပြည်နယ်မှာ လူမျိုးကို အခြေခံတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ခွင့်ရအောင် တင်ပြဖို့ တာဝန်ပေးထားတယ်" ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ထိလွယ်ရှလွယ်အခြေအနေများကြောင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ခြင်းကို ဆိုင်းငံ့ထားရန် ငြိမ်းချမ်းရေးကော်မရှင်မှ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ထံ စာပို့အကြောင်းကြားထားခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်၌ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပခွင့် မရရှိခဲ့ပါက လာမည့် ၂၄ ရက်နေ့တွင် ပြုလုပ်မည့် ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ်အစည်းအဝေးတွင် ရခိုင်လူမျိုးများအား ကိုယ်စားပြုသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာသယံဇာတ ဆိုင်ရာ စာတမ်းများကို တင်သွင်းနိုင်မည် မဟုတ်ကြောင်းသိရသည်။

သို့သော်လည်း UPDJC အစည်းအဝေးမှ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်ပေးခဲ့ပါက မေလ ၂၄ရက်နေ့မတိုင်ခင် စာတမ်းများကို တင်သွင်းရန် အချိန်လုံလောက်မှုရှိသည်ဟု   ဒေါက်တာအေးမောင်က ဆိုသည်။

"ကျွန်တော်တို့ဘက်က အဆင်သင့်လုပ်ထားတယ်၊ အချိန်ပေးရင်လည်း ပေးလို့ရတယ်၊ မပေးရင်လည်း မပေးလို့ရတာပေါ့။ အချိန်ကတော့ လုံလောက်တယ်လို့ထင်တယ်၊ ပေးရင် ကျွန်တော်တို့လုပ်လို့ရတယ်" ဟု ၎င်းက ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက သက်ဆိုင်ရာ ပြည်နယ်၊တိုင်းဒေသကြီး အစိုးရ ၊ ပါတီများဖြင့် ပူးပေါင်းကာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ၂၁ ရာစုပင်လုံအစည်းအဝေး ပထမအကြိမ် နှင့် ဒုတိယအကြိမ်ကြား ပြုလုပ်ကာ ထွက်ရှိလာသည့် စာတမ်းများကို ပြည်ထောင်စုအဆင့်တွင်   ဆွေးနွေးရန် တင်သွင်းရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required