UNFC အဖွဲ့ဝင်များ အပစ်ရပ် လက်မှတ်ထိုး၊ မထိုး အခြေအနေ ရှုပ်ထွေးနေ

UNFC အဖွဲ့ဝင်များ အပစ်ရပ် လက်မှတ်ထိုး၊ မထိုး အခြေအနေ ရှုပ်ထွေးနေ

ချင်းမိုင်၊မတ်လ ၃၁ ။               ။ မွန်ပြည်သစ်ပါတီ(NMSP)၊ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ရခိုင်အမျိုးသားကောင်စီ(ANC)၊ ဝ အမျိုးသားအဖွဲ့ (WNO)နှင့် လားဟူ ဒီမိုကရက်တစ်ပါတီ (LDU)တို့ ၅ ဖွဲ့ NCA လက်မှတ်တော့မည်ဟု ယမန်နေ့က အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ မိန့်ခွန်းတွင်ပြောကြားခဲ့ပြီးနောက် UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာက မဟုတ်မှန်ကြောင်း ပြောကြားလာမှုကြောင့် အခြေအနေ ရှုပ်ထွေးစရာ ဖြစ်ခဲ့ရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ကို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် ၅ ဖွဲ့ လက်မှတ်ရေးထိုးရန် မဆုံးဖြတ်သေးဘဲ သတင်းမဟုတ်မှန်ကြောင်း UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာက  ယနေ့ မဇ္ဈိမသို့ ပြောသည်။

 “မဟုတ်သေးပါဘူး။ UNFC မှာ ကျွန်တော်တို့ ဆုံးဖြတ်ရဦးမဲ့ ကိစ္စရပ်ဖြစ်တယ်။ UNFC ထဲမှာကိုက တိုင်ပင်ဆုံးဖြတ်တဲ့ ပွဲမလုပ်ရသေးဘူး။ ဒီကိစ္စဆွေးလည်း မဆွေးနွေးရသေးဘူး။ အဆုံးအဖြတ်ဘာမှ မကျသေးဘူး။ လူစုံအောင် စောင့်နေတယ်။ လက်မှတ်ထိုးဖို့ မဆုံးဖြတ်ရသေးဘူး၊ အစိုးရကိုလည်း အကြောင်းကြားထားတာ မရှိသေးဘူး။ အဲတော ့ ဘယ်လိုမှ အဖြေ မပေးနိုင်သေးဘူး။ သတင်းပေးတဲ့လူက သတင်းမှားပေးလိုက်လို့လား မသိဘူး”ဟု သူက မဇ္ဈိမကို ပြောသည်။

UNFC မှ တင်ပြထားသည့် အချက် ၉ ချက်ကို အစိုးရ ငြိမ်းချမ်းရေးကော်မရှင်မှ မူအားဖြင့် လက်ခံသဘောတူထား သော်လည်း အလျော့အတင်းလုပ်ထားသည့် တချို့အချက်များ အတည်ပြုနိုင်ရန်အတွက် UNFC တွင် ဆက်လက် ဆွေးနွေးရန် လိုအပ်နေသေးကြောင်း နိုင်ဟံသာက ပြောသည်။

လာမည့် ဧပြီလ ၂ ရက်နေ့တွင် DPN မှ အစည်းအဝေးကျင်းပကာ ဧပြီလ ၃ ရက်နေ့တွင် UNFC ဗဟိုအလုပ် အမှုဆောင်ကော်မတီသို့ ပြန်လည် တင်ပြဆွေးနွေးသွားရန် ရှိသည်ဟု သိရသည်။

 

ထိုသို့ ပြောဆိုထားသော်လည်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အဆိုပါသဘောတူညီမှုမှာ မွန်ပြည်သစ်ပါတီမှ နိုင်ဝင်းလှက ပြောထားပြီးဖြစ်ကြောင်း၊ အစိုးရတစ်နှစ်ပြည့်မှာ ၀မ်းသာစရာသတင်းစကားပေးခြင်းဖြစ်ကြောင်း ပြောသည်။  

“ သတင်းစကားပေါ့နော် ။ သတင်းစကားက နိုင်ဝင်းလှက မွန်ပြည်သစ် CEC ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဝင်းလှ သူကနေပြီးတော့ ပြောတယ် ။ ဆုံးဖြတ်ချက်ချလိုက်တယ်ဆိုပြီးပါတယ်။ နောက် ဒါကို သူက ကုမုဒြာကိုလည်း ပြောထားတာပေါ့နော် ။ မီဒီယာတစ်ခုတည်းတင်မဟုတ်ဘူး ပြောထားတယ်ပေါ့။ တစ်နှစ်ပြည့်မှာ ၀မ်းသာစရာ မတ်ဆေ့ချ်ပေါ့။ ထိုးတာတော့ ထိုးမှာပေါ့ ။ဒါပေမယ့် ညှိနှိုင်းတာတွေကတော့ ဆက်လုပ်ရဦးမယ်။ သူတို့ဘက်က UNFC အစည်းဝေးလုပ်ရမယ်။ ကျွန်တော်တို့ဘက်ကလည်း ပြန်ပြီးတော့ဆွေးနွေးမှုတွေလုပ်ရဦးမှာ။  ဒါကတော့ နားလည်တယ် သို့သော် တစ်နှစ်ပြည့် မတ်ဆေ့ပေါ့နော် ၀မ်းသာစရာစကားလေး အဲ့တာလေးပေးတဲ့သဘော” ဟု မဇ္ဈိမသို့ ပြောသည်။

ဧပြီလ ရ ရက်နှင့် ၈ ရက်နေ့များတွင် UNFC ထိပ်သီးခေါင်းဆောင်များ၏ အရေးပေါ် အစည်းအဝေး ထပ်မံ ကျင်းပ၍ ဆုံးဖြတ်သွားမည် ဖြစ်သည်။

မကြာသေးခင်က မွန်ပြည်သစ်ပါတီက NCA လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ထားကြောင်းကို မွန်ပြည်သူလူထု ကိုယ်စားလှယ်များအား ခေါ်ယူ၍ ပြောကြားခဲ့သည်။ သို့သော် တခြား အဖွဲ့ ၄ ဖွဲ့ကမူ တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိသေးပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required