မြန်မာပြည်တွင်း မငြိမ်မသက်မှုက တရုတ်ကို ပိုမိုစိုးရိမ်ဖွယ်ဖြစ် (ဆောင်းပါး)

By The Economic Times
06 December 2023
မြန်မာပြည်တွင်း မငြိမ်မသက်မှုက တရုတ်ကို ပိုမိုစိုးရိမ်ဖွယ်ဖြစ် (ဆောင်းပါး)

ဘင်္ဂလားပင်လယ်အော်ဒေသ သို့ ထွက်ပေါက် ဖြစ်သည့် မြန်မာနယ်စပ်တလျှောက်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သော ပဋိပက္ခများသည် တရုတ်အတွက် ခေါင်းခဲစရာဖြစ်သည်။

တရုတ် မှ မြန်မာ သို့ ကုန်စည်ပို့ဆောင်သည့် ကုန်တင်ယာဉ်တန်း သည် နိုဝင်ဘာ ၂၄  တွင် မူဆယ်မြို့ အနီး ၌ တိုက်ခိုက်ခံရ၍ မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ပြီး နောက်ရက်တွင် တရုတ်စစ်တပ်မှ တရုတ်-မြန်မာနယ်စပ် တလျှောက် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ ယင်းဖြစ်ရပ်သည် တရုတ်သံအမတ် ချန်း‌ဟိုင် နှင့် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေ တို့ တွေ့ဆုံချိန်နှင့် တိုက်ဆိုင်နေသည်။ မြန်မာနိုင်ငံတွင် ခြိမ်းခြောက်နေသော ပြည်တွင်းစစ် ပဋိပက္ခများသည်လည်း တရုတ်အတွက် ပိုမိုရှုပ်ထွေးမှုများ ဖြစ်ပေါ်စေသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့ ပူးပေါင်းထားသော ညီနောက်မဟာမိတ် အဖွဲ့ သည် စစ်ဆင်ရေး ၁၀၂၇  စတင်ခဲ့ပြီးနောက် မြန်မာနှင့် တရုတ် နယ်စပ်တလျှောက်ရှိ အရေးပါသော စစ်ကောင်စီတပ် စခန်းများကို သိမ်းပိုက်နိုင်ခဲ့သည်။

မြန်မာ - တရုတ် နယ်စပ်ဒေသ တည်ငြိမ်ရေး အတွက် မကြာသေးမီကပင် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာမှု အရိပ်အယောင်များ ပေါ်ထွက်ခဲ့ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးနှင့် မြန်မာ ထိပ်တန်း အရာရှိများ တွေ့ဆုံစဉ် အဆိုပါ ယာဉ်တန်း မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာ့ နိုင်ငံရေး လေ့လာစောင့်ကြည့်သူများ က ဆိုသည်။

တရုတ်တောင်ပိုင်းစစ်ဌာနချုပ် သည်  တရုတ်-မြန်မာနယ်စပ် ၏ တရုတ်ဘက်ခြမ်းတွင် နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှု အစီအစဉ်အရ နိုဝင်ဘာ ၂၅ မှ စတင်၍ သုံးရက်ကြာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ခြင်းသည်လည်း တိုက်ဆိုင်မှု တခုဖြစ်သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုအတွင်း နိုင်ငံတော် အချုပ်အခြာအာဏာကို ကာကွယ်ရန်၊ နယ်စပ် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် နှင့် လူတို့၏ အသက်အိုးအိမ်စည်းစိမ် တို့ကို ကာကွယ်ရန် စစ်ရေး စွမ်းဆောင်ရည်များ ပြသခဲ့ပြီး အရေးပေါ်အခြေအနေ၌ ဒေသအသီးသီးနှင့် အရပ်မျက်နှာ အသီးသီးမှ သတ်မှတ်ထားသော ဧရိယာသို့ လျင်မြန်စွာ ရွှေ့ပြောင်းနိုင်ခြင်းတို့အတွက် လေ့ကျင့်ခဲ့ကြသည် ဟု တရုတ်စစ်တပ်က ဆိုသည်။

တပြိုင်နက်တည်းတွင် တရုတ်ရေတပ်သင်္ဘောများသည် "ချစ်ကြည်ရေးပြပွဲ" အဖြစ် မြန်မာသို့ ရောက်ရှိခဲ့သည်။ ပဲ့ထိန်းဒုံးကျည် ဖျက်သင်္ဘော Zibo နှင့် ပဲ့ထိန်းဒုံးကျည် ဖရီးဂိတ်သင်္ဘော Jinzhou အပါအဝင် တရုတ်ရေတပ်သင်္ဘောများသည် လေးရက်ကြာ ခရီးစဉ်အတွက် ရန်ကုန်မြို့သို့ နိုဝင်ဘာ ၂၇ က ရောက်ရှိခဲ့ပြီး မြန်မာစစ်တပ်မှ အကြီးတန်းအရာရှိများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

တရုတ်၏ စစ်ရေးလေ့ကျင့်မှုသည် အရေးပေါ်အခြေအနေ၌ အဆင်သင့်ဖြစ်မှုနှင့် နယ်စပ်ထိန်းချုပ်မှုအပေါ် အဓိကထားကြောင်း သိရသည်။

မြန်မာ ပြည်တွင်းရေး ပဋိပက္ခများသည် နယ်စပ်ကို ဖြတ်ကျော် မ၀င်ရောက်နိုင်ရန်နှင့် တရုတ်သည် ၎င်း၏ အကျိုးစီးပွားကို ကာကွယ်ရန် ပြင်ဆင်ထားသည် ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် ပဋိပက္ခကြောင့် လူပေါင်း ၃၃၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး တရုတ်တွင် ခိုလှုံရန် ကြိုးပမ်းနေကြသူ အများအပြားလည်း ရှိသည် ဟု ခန့်မှန်းချက်များအရ သိရသည်။

သို့သော် မကြာသေးမီက တရုတ် ၏ ရပ်တည်ချက်ပြောင်းလဲခြင်းနှင့် မျက်ရည်ယိုဗုံးများ အသုံးပြု၍ ပြင်းပြင်းထန်ထန် နယ်စပ်ထိန်းချုပ်မှုများ သည် တရုတ်နိုင်ငံတွင်းသို့ ဒုက္ခသည်များ ဝင်ရောက်မှုကို နှိမ်နှင်းနိုင်ဖွယ်ရှိကြောင်း လေ့လာသူများက ထောက်ပြသည်။

မြန်မာနိုင်ငံတွင် လူထုဆန္ဒပြပွဲများကို ဖြိုခွင်းပြီးနောက်ပိုင်း ဒါဇင်နှင့် ချီသော အမျိုးသားရေးဝါဒီများသည် တရုတ်ကို ဝေဖန်သော စာတန်းများ နှင့် ပိုစတာများ ကိုင်ဆောင်၍ ရန်ကုန်မြို့ရှိ  တရုတ်သံရုံးရှေ့တွင် စုဝေးဆန္ဒပြခဲ့ကြသည်။ “မြောက်ပိုင်း အကြမ်းဖက်အဖွဲ့တွေကို မထောက်ခံဖို့ တရုတ်အစိုးရကို တောင်းဆိုပါတယ်” ဟု ၎င်း တို့၏ ပိုစတာ တခု တွင် အင်္ဂလိပ်လို ရေးသားထားသည်။

ဆန္ဒပြသူများ က တိုင်းရင်းသား လက်နက်ကိုင်များကို ဆန့်ကျင်ခဲ့သည်ဟု စစ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်း က ဆိုသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို မထောက်ခံဖို့ တရုတ် အား တောင်းဆိုခြင်းကို ရည်ညွှန်းတာ မဟုတ်ကြောင်း နှင့် တရုတ်နှင့် မြန်မာဆက်ဆံရေးကို ဖျက်ဆီးရန် ကြိုးစားနေသော အနောက်မီဒီယာများကို စွပ်စွဲခြင်းဖြစ်ကြောင်း ၎င်း က ဆိုသည်။

လောက်ကိုင်တွင် ပိတ်မိနေသော တရုတ်နိုင်ငံသားများကို ဘေးကင်းရာသို့ တတ်နိုင်သမျှ အမြန်ဆုံး ရွှေ့ပြောင်းပေးရန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက နိုဝင်ဘာ ၂၄ တွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။ အစောပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေသော တရုတ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ရှမ်းပြည်နယ် မူဆယ်မြို့ ကဲ့သို့ပင် လောက်ကိုင်မြို့တွင်လည်း အနည်းဆုံး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး တိုက်ပွဲများကြောင့် ထွက်ပြေးရန် ကြိုးပမ်းသည့် အပြစ်မဲ့ ပြည်သူများ ပါဝင်သော မော်တော်ယာဉ်တစီးကို ဒုံးကျည်ထိမှန်ခဲ့သည်။

လက်နက်ကိုင်အဖွဲ့များ က အဆိုပါ ဖြစ်ရပ်ကို ရှုတ်ချပြီး ၎င်း တို့ လုပ်ဆောင်ခြင်း မဟုတ်ကြောင်း ငြင်းဆိုသည်။ စစ်အစိုးရ ပြောရေးဆိုခွင့်ရှိသူများ က လည်း အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ၎င်း တို့ တွင် တာဝန် မရှိကြောင်း ငြင်းဆိုသည်။

ကုန်တင်ယာဉ်တန်း တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ “ယင်းအကြမ်းဖက်လုပ်ရပ်ကြောင့် ... အိမ်သုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်းများ၊ အဝတ်အထည်များနှင့် အိမ်ဆောက်ပစ္စည်းများ တင်ဆောင်လာသည့် ယာဉ် ၂၅၈ စီးအနက် ၁၂၀ ခန့် ပျက်စီးဆုံးရှုံးခဲ့” ကြောင်း အစိုးရပိုင် Global New Light of Myanmar သတင်းစာတွင် ဖော်ပြခဲ့သည်။

လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက “ပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်စေမည့် အဆိုပါ ကုန်တင်ယာဉ်တန်းအား မီးရှို့ဖျက်ဆီးတိုက်ခိုက်ခြင်းမျိုးကို ပြုလုပ်မည် မဟုတ်ကြောင်း” ငြင်းဆိုခဲ့သည်။

ကုန်တင်ယာဉ်တန်းကို တရုတ်တပ်ဖွဲ့ဝင်များက မှားယွင်းပစ်ခတ်မှု ဖြစ်နိုင်ခြေရှိသည် ဟု လေ့လာသုံးသပ်သူ အချို့က ထောက်ပြသည်။ သို့သော် အတည်မပြုနိုင်သေးပေ။

မြန်မာစစ်တပ်သည် ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း၊ ၂၀၂၃ နှစ်လယ်ပိုင်းမှစ၍ တော်လှန်ရေး အင်အားစုများ၏ အကြီးမားဆုံး ပူးပေါင်းတိုက်ခိုက်မှု ထိုးစစ်များဖြင့် ရင်ဆိုင်နေရပြီး အရှေ့မြောက်ပိုင်းနှင့် နိုင်ငံတဝန်းရှိ မြို့များတွင် စစ်စခန်းအများအပြားကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ တိုက်ပွဲများ အရှိန်ကြောင့် နိုင်ငံ အနှံ့အပြားတွင် လူပေါင်း နှစ်သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ကုလသမဂ္ဂက ဖော်ပြသည်။

ညီနောက်မဟာမိတ်အဖွဲ့၏ ထိုးစစ်ကြောင့် နယ်စပ်တလျှောက် မလုံခြုံမှုကို တရုတ်က စိုးရိမ်နေပြီး စိုးရိမ်ဖွယ် နောက်ဖြစ်ရပ်တခုမှာ မကြာသေးမီက ဒေသတွင်း၌ တရုတ်နှင့် မြန်မာ စစ်အစိုးရ အရာရှိများ ပူးပေါင်းစစ်ဆင်ရေး ပြုလုပ်ခဲ့သည့် တရုတ်ပြည်သူအများအပြားကို လိမ်လည် လှည့်ဖြားနေသော အင်တာနက် ငွေလိမ်ဂိုဏ်းများကို အ‌ရေးယူခြင်း ဖြစ်သည်။ တရုတ်တယ်လီကွန်း လိမ်လည်မှုဖြင့် သံသယရှိသူ ထောင်ပေါင်းများစွာကို မြန်မာက ယခုလအတွင်း တရုတ်သို့ လွှဲပြောင်းပေးခဲ့သည်။

ငွေကြေးလိမ်လည်သူများကို ကိုင်တွယ်ဖြေရှင်းရန် စစ်တပ်ဦးဆောင်သော အစိုးရ၏ မတတ်စွမ်းနိုင်မှုအပေါ် တရုတ်က စိတ်ပျက်၍  ပိုမိုတင်းမာစွာ အရေးယူ ကိုင်တွယ်ခဲ့ပြီး မြန်မာနှင့် ပတ်သက်သည့် တရုတ်၏ စိုးရိမ်ပူပန်မှုများသည် ကာလတိုအတွင်း ကြီးထွားလာဖွယ်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly