ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင်း ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာ ၄ ဦး သေဆုံး

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင်း ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာ ၄ ဦး သေဆုံး
Photo-AFP

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင် လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့အကြား သေနတ်ပစ်ခတ်မှုတခုအတွင်း ရိုဟင်ဂျာဒုက္ခသည် လေးဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၆ ရက်တွင် ပြောသည်။ ယင်းက နိုင်ငံ၏ လူပြည့်သိပ်နေသော ဒုက္ခသည်စခန်းများ၌ လုံခြုံရေးအခြေအနေ ယိုယွင်းဆိုးရွားလာမှုကို ထပ်မံပြသသည့် လက္ခဏာလည်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်သည် အများအားဖြင့် မွတ်စလင် လူနည်းစုဖြစ်သည့် နိုင်ငံမဲ့ ရိုဟင်ဂျာ တသန်းခန့်ကို လက်ခံပေးထားရပြီး ၎င်းတို့အနက် အများစုသည် ၂၀၁၇ ခုနှစ်က မြန်မာ၌ စစ်တပ်၏ ဖြိုခွင်းနှိမ်နင်းမှုကြောင့် ထွက်ပြေးလာကြရသူများ ဖြစ်သည်။

ရိုဟင်ဂျာများကို နေရာပေးထားသည့် ပေရေစုတ်ချာသော ဒုက္ခသည်စခန်းများသည် ပြိုင်ဘက် လက်နက်ကိုင်အဖွဲ့များအကြား စစ်မြေပြင်အဖြစ် ထွက်ပေါ်ထားခဲ့ပြီး ထိုလက်နက်ကိုင်အဖွဲ့များသည် ဒုက္ခသည်အခြေချစခန်းများကို မူးယစ်ကုန်ကူးမှုနှင့် လူကုန်ကူးမှုတို့အတွက် တထောက်နားစခန်းများအဖြစ် အသုံးပြုကြသည်။

အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဖွဲ့ (ARSA) နှင့် ရိုဟင်ဂျာ စည်းလုံးညီညွတ်ရေးအဖွဲ့ (RSO) တို့အကြား အင်္ဂါနေ့ (ဒီဇင်ဘာ ၅ ရက်) ညပိုင်းက တနာရီကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့အကြီးအကဲ ရှာမင် ဟိုစိန်က အေအက်ဖ်ပီကို ပြောသည်။

“ရိုဟင်ဂျာဒုက္ခသည် လေးယောက် သေပြီး အခြားနှစ်ယောက် အပြင်းအထန် ဒဏ်ရာရပါတယ်” ဟု သူက ပြောသည်။

ပစ်ခတ်မှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့ကမှ လက်တလော မှတ်ချက်ပေးခြင်း မရှိပေ။

RSO အဖွဲ့သည် နှစ်စပိုင်းကတည်းက ဒုက္ခသည်စခန်းများကို ထိန်းချုပ်မှုအတွက် ၎င်းတို့ထက် ပိုမိုအရွယ်အစားကြီးပြီး၊ ပိုမို အခြေကျနေသည့် ARSA အဖွဲ့ကို စိန်ခေါ်နေခဲ့ခြင်း ဖြစ်ပြီး ယင်းသည် ARSA အဖွဲ့အပေါ် ဘင်္ဂလားဒေ့ရှ်လုံခြုံရေးတပ်ဖွဲ့များက ဖြိုခွင်းနှိမ်နင်းမှုနှင့် တိုက်ဆိုင်နေသည်။

ဒုက္ခသည်စခန်းများတွင် နေထိုင်လျက်ရှိသူများအတွက် အကြမ်းဖက်မှုက ကာလကြာကတည်းက လောကတံတွာ ဓမ္မတာ တရားဖြစ်နေခဲ့သည်။

ယခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများတွင် ပဋိပက္ခတိုက်ခိုက်မှုများကြောင့် အမျိုးသမီးများနှင့် ကလေးများ အပါအဝင် ရိုဟင်ဂျာဒုက္ခသည် ၆၀ ကျော် သေဆုံးခဲ့ရသည်ဟု ရဲများက ပြောသည်။

ဒုက္ခသည်စခန်းများတွင် လုံခြုံရေး အခြေအနေများ ဆက်လက် ယိုယွင်းဆိုရွားနေမှုအပေါ် စိုးရိမ်မိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ (UNHCR) က ဒီဇင်ဘာ ၃ ရက်က ပြောသည်။

အာဟာရ ချို့တဲ့မှုများက ပျံ့နှံ့ ဖြစ်ပေါ်နေပြီး ယခုနှစ်အတွင်း ရန်ပုံငွေထောက်ပံ့မှု မပြည့်မီခြင်းကြောင့် ရိက္ခာခွဲတမ်းများကို သုံးပုံ တပုံ လျှော့ချဖြတ်တောက်ခဲ့ရကြောင်း ကုလ စားနပ်ရိက္ခာ အေဂျင်စီက ပြောသည်။

မြန်မာတွင် ဆက်လက်ရှိနေသည့် ရိုဟင်ဂျာများသည်လည်း ၎င်းတို့ကို နိုင်ငံသားအဖြစ်နှင့် ကျန်းမာရေးစောင့်ရှောက်မှု ရယူမှုအပေါ် ငြင်းဆန်ထားသည့် အာဏာပိုင်များ၏ ဖိစီးနှိပ်စက်မှုကို ရင်ဆိုင်နေရသည်။

မြန်မာမှာရော၊ ဘင်္ဂလားဒေ့ရှ် စခန်းများမှာရော အခြေအနေက သေရေးရှင်ရေးဖြစ်နေသည့်အတွက် ရိုဟင်ဂျာထောင်နှင့်ချီတို့ကို အရှေတောင်အာရှနိုင်ငံများသို့ ထွက်ပြေးလွတ်မြောက်နိုင်ရန် အန္တရာယ်များပြီး ရံဖန်ရံခါ အသက်ဆုံးရှုံးရသည့် ပင်လယ်ပြင်ခရီးများကို ထွက်ခွာစေရန် စေ့ဆော်တွန်းပို့နေသည်။

ပြီးခဲ့သည့်လက ရိုဟင်ဂျာ ၁,၀၀၀ ကျော် အင်ဒိုနီးရှား၏ အနောက်ဘက်စွန်းပြည်နယ်သို့ ရောက်ရှိခဲ့သည်။

ယမန်နှစ်က အန္တရာယ်များသော ပင်လယ်ပြင် ခရီးစဉ်များကို ကြိုးစားဖြတ်ကျော်ရင်း ရိုဟင်ဂျာ ၃၅၀ နီးပါး သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့သည်ဟု UNHCR က ခန့်မှန်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required