မတ် ၂၀ ။ ။ မိမိတို့အစိုးရ၏ မူးယစ်စစ်ဆင်ရေးအပေါ် ပြစ်တင်ဝေဖန်ခဲ့သည့် ဥရောပသမဂ္ဂ ပါလီမန်အမတ်များမှာ ရူးနေကြသူများသာ ဖြစ်ကြောင်း ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးက ပြန်လည်တုန့်ပြန်ပြောကြားလိုက်တယ်လို့ သိရပါတယ်။
ဘယ်သူတွေ ဘာပဲပြောပြော မူးယစ်ကုန်ကူးသူ အကုန်လုံးကို သတ်ပစ်မှာဖြစ်တယ်လို့ ဖိလစ်ပိုင်သမ္မတက ကြံုးဝါးသွားခဲ့ပါသေးတယ်။
ပြီးခဲ့သည့်ရက်ပိုင်း ဖိလစ်ပိုင်အစိုးရ၏ မူးယစ်စစ်ပွဲအတွင်း လူပေါင်းများစွာ အစုအလိုက်အပြံုလိုက် သတ်ဖြတ်ခံထားရသည်ဟုဆိုပြီး ပြစ်တင်ထားသည့် ထုတ်ပြန်ချက်တစ်စောင်ကို အီးယူပါလီမန်က ထုတ်ပြန်ထားခဲ့ခြင်း ဖြစ်သည်။
ယင်းနောက်ပိုင်း သမ္မတ ဒူတာတေး မြန်မာနိုင်ငံကို ချစ်ကြည်ရေးအလည်အပတ်ခရီး ရောက်ရှိနေခဲ့စဉ် ယမန်နေ့ည မိန့်ခွန်းတစ်ရပ်၌ အထက်ပါအတိုင်း ပြစ်တင်ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။
" ဒီလို အရူးတွေကို ကျွန်တော် ဘာလို့အရေးစိုက်နေရမှာတုန်း၊ သူတို့က ဘာလို့ ကျွန်တော်တို့ကို လာပြီး ဒဏ်ခတ်ဖို့ လုပ်နေကြရတုန်း? ကိုယ့်အလုပ်ကို မလုပ်ချင်ကြဘူးလား? " ဟု သမ္မတ ဒူတာတေးက တုန့်ပြန်ပြစ်တင်လိုက်ခြင်း ဖြစ်သည်။