ပြင်ဦးလွင်တွင် တောင်သူများအား ပုဒ်မတပ်ဖမ်းဝရမ်းထုတ်ထားခြင်းများကို ပယ်ဖျက်ရန် တိုင်းအစိုးရထံ တောင်းဆို

ပြင်ဦးလွင်တွင် တောင်သူများအား ပုဒ်မတပ်ဖမ်းဝရမ်းထုတ်ထားခြင်းများကို ပယ်ဖျက်ရန် တိုင်းအစိုးရထံ တောင်းဆို
မန္တလေးမြို့၊ မန္တလေးတောင်ခြေတွင် တောင်သူ တစ်ထောင်ကျော်မှ ဖမ်းဆီးခံတောင်သူများလွှတ်ပေးရန်နှင့်အမှုများရုပ်သိမ်းပေးရန် ဖေဖော်ဝါရီ ၂၄ ရက်က ဆန္ဒပြ တောင်းဆိုနေစဉ်။ ဓာတ်ပုံ-အောင်ကိုဦး

မန္တလေး၊မတ် ၁၃ ။           ။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မြို့နယ်အတွင်း ထွန်တုံးတိုက်ပွဲဝင်၍ မြေပြန်လည်သိမ်းယူခဲ့ကြသည့် တောင်သူများကို ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဝရမ်းထုတ်ထားခြင်းများကို ပယ်ဖျက်ပေးရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ စာတင်ပြီး မတ်လ ၁၃ ရက်နေ့၌ တောင်းဆိုလိုက်ကြောင်း တောင်သူလယ်သမား၊အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးမျိုးဝင်းက မဇ္ဈိမကို ပြောသည်။

အဆိုပါစာတင်တောင်းဆိုခြင်းကို ၈၈ ငြိမ်း/ပွင့်၊ တောင်သူလယ်သမားများဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပဋိပက္ခများ ညှိနှိုင်းဖြေရှင်းပေးရေးကော်မတီမှ ဦးအောင်သူ(တံတားနီ)က ဦးဆောင်၍ ဆောင်ရွက်ခဲ့သည်ဟု ဦးမျိုးဝင်းက ဆိုသည်။

ပြင်ဦးလွင်မြို့နယ်တရားရုံးမှပုဒ်မ ၄၄၇၊ ၄၄၀၊ ၂၉၄၊ ၃၈၆၊ ၃၂၃၊ ၃၉၂၊ ၄၂၇၊ ၅၀၆၊ ၁၁၄ တို့ဖြင့် တောင်သူလယ်သမားအရေး ကူညီဆောင်ရွက်ပေးသူများအပါအဝင် တောင်သူ ၁၀ ဦး ဖမ်းဝရမ်းထုတ်ထားခြင်းဖြစ်ကြောင်း ဖမ်းဝရမ်း အထုတ်ခံထားရသူ ဦးအေးသိန်းက ဆိုသည်။

အဆိုပါ စာတွင် ယခုအခါတွင် တောင်သူလယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများနှင့် တောင်သူဦးကြီး ၁၀ ဦးကို ပြင်ဦးလွင်တရားရုံးမှ ဖမ်းဝရမ်း ထုတ်ထားသောကြောင့် မိသားစုများနှင့်ဝေးလံခေါင်သီသော နေရာဒေသများသို့ ထွက်ပြေးပုန်းရှောင်နေရသည်ဟု ၎င်းတို့က ဆိုသည်။

သို့ဖြစ်ပါ၍ ပြင်ဦးလွင်မြို့နယ်တရားရုံးမှ တောင်သူလယ်သမားအရေးကူညီဆောင်ရွက်ပေးနေသူများနှင့် တောင်သူလယ်သမားများအား ဖမ်းဝရမ်းထုတ်ထားခြင်းကို ပြန်လည်စီစစ်ပြီး ရုပ်သိမ်းပေးရန် တို့အပါအဝင် အချက်များ ပါဝင်သည်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့ကလည်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဖမ်းဆီးခံတောင်သူများပြန်လည်လွှတ်ပေးရေးနှင့်အမှုများ ရုတ်သိမ်းပေးရန်အတွက် တောင်သူတစ်ထောင်ကျော်က မန္တလေးမြို့၊ မန္တလေးတောင်ခြေအနီးတွင် ချီတက် ဆန္ဒပြတောင်းဆိုမှုများပြုလုပ်ခဲ့ကြသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required