အစ္စရေးအပေါ် မမျှတဟုဆိုကာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ပြုပြင်ပြောင်းလဲရန် အမေရိကန်လိုလား

အစ္စရေးအပေါ် မမျှတဟုဆိုကာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ပြုပြင်ပြောင်းလဲရန် အမေရိကန်လိုလား

ဂျနီဗာ၊ မတ် ၁ ။            ။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက မမျှမတရပ်တည်နေတယ်ဆိုပြီး ပြုပြင်ပြောင်းလဲပစ်လိုကြောင်း အမေရိကန်အစိုးရက မတ် ၁ ရက်မှာ ပြောလိုက်ပါတယ်။

ဂျနီဗာက ကောင်စီရဲ့ ဥရောပရုံးချုပ်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး လက်ထော်အကူအမျိုးသမီးဖြစ်သူ အီရင်ဘာကလေးက အစ္စရေးကို မျက်ကွယ်ပြုပြီး ဘက်လိုက်ရပ်တည်နေတဲ့ လူ့အခွင့်အရေးကောင်စီကို ယုံကြည်စိတ်ချရမှု ပိုရှိလာရေးအတွက် အစပျိုးပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်သွားဖို့ အမေရိကန်အစိုးရက ကြိုးစားသွားမှာဖြစ်တယ်လို့ ပြောလိုက်တာဖြစ်ပါတယ်။

“ဒါပေမယ့် ကောင်စီအနေနဲ့ အများယုံကြည်မှုရဖို့ဆိုရင် မမျှတမှုတွေနဲ့ အလကားအချည်းနှီးဆုံးဖြတ်ချက်တွေကနေ ဖယ်ခွာဖို့ အရင်ဆုံးလုပ်ရမှာဖြစ်တယ်။ ဒီမိုကရေစီတစ်နိုင်ငံဖြစ်တဲ့ အစ္စရေးအပေါ် ကောင်စီက အမြဲမမျှမတဆက်ဆံတာ၊ မျက်ကွယ်ပြုနေတာတွေနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံအတွက် တော်တော်လေးစိတ်အနှောင့်အယှက်ဖြစ်နေရတယ်။”လို့ ဘာကလေးက ဆိုပါတယ်။

ကောင်စီအပေါ် အများယုံကြည်စိတ်ချမှု တိုးတက်ကောင်းမွန်ခြင်းက ပိုမိုကောင်းမွန်တဲ့ ကမ္ဘာ ဖော်ဆောင်ရာမှာ စွမ်းဆောင်ရည်ကို မြင့်မားစေမှဖြစ်တယ်လို့ သမ္မတဒေါ်နယ်ထရမ့်အစိုးရက ယုံကြည်ထားတယ်လို့လည်း ၎င်းက ပြောပါတယ်။

ကောင်စီရဲ့ အများလက်ခံယုံကြည်မှု ဂုဏ်သိက္ခာကို ဖြည့်ဆည်းဖို့ဆိုရင် ကောင်စီက အာရုံစိုက်ထားတဲ့ လူ့အခွင့်အရေးအခြေအနေတွေကို ဦးတည်မှု ပြောင်းလဲဖို့လိုတယ်လို့ ဆိုပါတယ်။

“ခုဆိုရင် ဆီးရီးယားမှာ အာဆတ်အစိုးရက ဆေးရုံတွေကိုတောင် ဗုံးကြဲနေတယ်။ ပြည်သူတွေက လူသတ်အစိုးရလက်အောက်က လွတ်ဖို့ ဒုက္ခသည်အဖြစ် အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးနေရတယ်။”လို့ ဘာကလေးက ဆိုပြီး ကောင်စီကတော့ ဒီပြဿနာထက် အစ္စရေးအပေါ်ပဲ အာရုံစိုက်နေကြောင်း ဝေဖန်ပြောကြားလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required