ကျားမရေးရာ လူမှုဆန်းစစ်ခြင်းဆိုင်ရာ တွေ့ရှိချက်များ ရှင်းလင်းပွဲပြုလုပ်

ကျားမရေးရာ လူမှုဆန်းစစ်ခြင်းဆိုင်ရာ တွေ့ရှိချက်များ ရှင်းလင်းပွဲပြုလုပ်

ရန်ကုန်၊ဖေဖော်ဝါရီ၂၈ ။         ။ ကျားမရေးရာ လူမှုဆန်းစစ်ခြင်းဆိုင်ရာ တွေ့ရှိချက်များနှင့် စပ်လျင်း၍ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ ဖေဖော်ဝါရီလ ၂၈ရက်၊ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်။

အဆိုပါရှင်းလင်းပွဲတွင် ဖန်တီးအိမ် နှင့် Trōcaire တို့က ၅နှစ်တာ ပြုလုပ်လာသော ကျားမတန်းတူညီမျှရေးစီမံကိန်း အကြောင်းနှင့် နိုင်ငံရေးပါတီ ၃ခု၊ ဌာနဆိုင်ရာ ၃ခု နှင့် အရပ်ဘက်အဖွဲ့အစည်းများကို စစ်တမ်းကောက်ယူ၍ ရရှိလာသည့် ရလဒ်များကို ရှင်းလင်းပြောခဲ့သည်။

၅ နှစ် စီမံကိန်းတွင် အပါအဝင်ဖြစ်သည့် ဌာနဆိုင်ရာများကို စစ်တမ်းကောက်ယူရာတွင် အချို့က မဖြေချင်ကြသလို၊ ထွက်လာသော စစ်တမ်းရလဒ်များကိုလည်း လူထုထံ မချပြစေချင်တာများလည်း ကြုံတွေရသည်ဟု ဖန်တီးအိမ် က ဒါရိုက်တာဖြစ်သူ ဒေါ်ဥမ္မာထွေးက ပြောသည်။

"ရှေးခေတ်ကဆိုရင် အဖေတစ်ယောက်တည်းနဲ့ လုပ်စားလို့ရတယ် ။ အခုခေတ်မှာဆိုရင် အမျိုးသားရော အမျိုးသမီးရော အလုပ်လုပ်မှပဲ မိသားစုတွေ စားနိုင်သောက်နိုင်တယ်ပေါ့နော်။ ပြီးတော့ အခုခေတ်မှာ နည်းပညာတွေပေါ်ထွန်းလာတော့ ဦးနှောက်ကိုပဲသုံးပြီး အလုပ်လုပ်ရတယ် ။ ဉာဏ်ပညာကို သုံးပြီး အလုပ်လုပ်ရတယ်။ အမျိုးသားရော အမျိးသမီးရော ညဏ်ရည်ချင်းက အတူတူပဲ။ လုပ်ကိုင်နည်းသာ ကွာသွားမယ်။ ဒါကြောင့်မို့ အစ်မတို့ကတော့ အမျိုးသမီးတွေကို ရှေ့ထွက်ရဲလာအောင် ပိုပြိးတော့ ယုံကြည်မှု ရှိလာအောင် အစည်းအဝေးတွေမှာ ကြည့်လိုက်ရင် အကုန်လုံးက အမျိုးသားတွေချည်းပဲ ၊ ငါ့နေရာမဟုတ်ဘူးလို့ပဲ ထင်မှတ်နေကြတယ်။ ကိုယ်က မလုပ်နိုင်တဲ့ စိတ်တွေ မဖြစ်နိုင်ဘူးလို့ ထင်တဲ့နေရာမျိုးတွေကို မရှိစေချင်ဘဲနဲ့ ဒီလိုအမျိုးသမီးတွေကို အဲ့လိုမျိုး ပံ့ပိုးမှု ပေးနေတယ်ပေါ့နော်"ဟု ဒေါ်ဥမ္မာထွေးက ပြောသည်။

နယ်ပယ်အသီသီးက ခေါင်းဆောင်မှုအပိုင်းနေရာများတွင် အမျိုးသမီးများ နည်းပါးနေသည်ကို တွေ့ရကြောင်း ဖန်တီးအိမ် ၏ ဒါရိုက်တာဖြစ်သူ ဒေါ်ခင်လေးငယ်က ပြောသည်။

"၂၀၁၂ တုန်းက လွှတ်တော်ထဲမှာ အမျိုးသမီးပါဝင်မှုက နည်းခဲ့တယ်။ အခု ၂၀၁၅ ရွေးကောက်ပွဲမှာ အများကြီးတိုးလာတယ်။ ရွေးကောက်ခံရတဲ့လူက တစ်ရာကျော် တစ်ရာ့ငါးဆယ် သို့သော်လည်း ရွေးကောက်ပွဲ ဝင်ယှဉ်ပြိုင်တဲ့အမျိုးသမီးက ရှစ်ရာကျော်ရှိတယ် လွန်ခဲ့တဲ့ ၂၀၁၀ တို့ ၁၂ တုန်းက ဆိုလို့ရှိရင် တစ်ရာကျော်ကျော်လောက်ပဲ ရှိတာ ဘာပဲပြောပြော အမျိုးသမီးတွေက ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိလာတဲ့ သဘောဆိုတော့ အစ်မတို့ လုပ်နေတဲ့ သင်တန်းတွေကြောင့်ပဲ ဖြစ်စေ တခြားသော သင်တန်းတွေကြောင့်ပဲ ဖြစ်စေ အစ်မတို့လည်း တစ်နည်းအားဖြင့်တော့ သက်ရောက်မှုပေးတယ်ပေါ့နော် ကိုယ်တွေလုပ်လို့ချည်းဖြစ်တယ်လို့တော့ အစ်တို့လည်း မယူဆပါဘူး။ သို့သော် ဘက်ပေါင်းစုံက တိုးတက်လာတယ်လို့ ယူဆပါတယ်" ဟု ဒေါ်ခင်လေးငယ်က ပြောသည်။

မြန်မာနိုင်ငံတွင် ယဉ်ကျေးမှုနှင့် ရိုးရာအစဉ်အလာများကြောင့် အမျိုးသမီးများကို ခွဲခြားဆက်ဆံထားသကဲ့သို့ ဖြစ်နေသောကြောင့် အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရန် အရေးကြီးကြောင်း သူကဆက်ပြောသည်။

ယခု ၅ နှစ်စီမံကိန်းကို ၂၀၁၂ ခုနှစ်ကစတင်ပြီး ၅ နှစ်အတွင်း အမျိုးသမီးများအတွက် နိုင်ငံရေး ခေါင်းဆောင်မှုသင်တန်း၊ ဖိုရမ်၊ ဆွေးနွေးပွဲများ နှင့် စစ်တမ်းကောက်ယူမှုများကို ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required