မြိတ်၊ဖေဖော်ဝါရီ ၂၂ ။ ။ ကော့သောင်းအပိုင် ခိုကျွန်းအနီး ကမ်းနီးငါးသယ်ရေယာဉ်နှစ်စီး ဖေဖော်ဝါရီ ၂၀ ရက်ည ၁ နာရီခန့်က တိုက်မိခဲ့ပြီး ရေယာဉ်တစ်စီး နစ်မြှုပ်ခဲ့ရာ အမျိုးသမီးတစ်ဦး ပျောက်ဆုံးလျက်ရှိပြီး ယခု ဖေဖော်ဝါရီ ၂၂ ရက်အထိ ပြန်လည်ရှာဖွေမတွေ့ရှိသေးကြောင်းသိရသည်။
မြိတ်ခရိုင်၊ ကဘင်းကျေးရွာအုပ်စု၊ မိုင်းတွေးကျေးရွာအုပ်စုမှ ဦးအောင်စိုး ပိုင်ဆိုင်သည့် “ မြင့်မြတ်အောင်-၁၈”ရေယာဉ်နှင့် “အောင်သူဇော်-၂၃”ရေယာဉ်နှစ်စီး တိုက်မိခဲ့ပြီး မြင့်မြတ်အောင်-၁၈ ရေယာဉ်နစ်မြှုပ်သွားခဲ့သည်။
အောင်သူဇော်-၂၃ ရေယာဉ်မှ နစ်မြှုပ်သွားခဲ့သည့် ရေယာဉ်မှ လှေလုပ်သားများကို ကယ်ဆယ်ခဲ့သော်လည်း အမျိုးသမီးတစ်ဦးမှာ ပျောက်ဆုံးသွားခဲ့ကြောင်း နစ်မြှုပ်ရေယာဉ်ပိုင်ရှင် ဦးအောင်စိုးက ပြောသည်။
“ ကော့သောင်းက ဆားတင်ပြီး အပြန်မှာတိုက်မိတယ်။ အမှုဖွင့်တာတော့ မလုပ်ရသေးဘူး။ ကျွန်တော်တို့လှေပေါ်က စာရေးရဲ့အမျိုးသမီးကတော့ လှေနစ်မြှုပ်တဲ့အချိန်မှာ ပျောက်ဆုံးသွားတယ်။ ခုထိ ရှာမတွေ့သေးဘူး။ နစ်သွားတဲ့လှေထဲမှာ ပါသွားလားတော့မသိဘူး။ အခု လှေကို ပြန်ဆယ်ဖို့အတွက် ရေငုပ်သမားတွေ ငှားထားပါတယ်” ဟု ၎င်းကပြောသည်။
လက်ရှိတွင် ယင်းရေယာဉ်နှစ်စီးတိုက်မိသည့်ကိစ္စနှင့်ပတ်သက်၍ မြန်မာ့ရေကြောင်းဦးစီးဌာနသို့ အကြောင်းကြားထားပြီး ရေယာဉ်မှူးများကို ခေါ်ယူစစ်ဆေးလျက်ရှိသော်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ အမှုဖွင့်တိုင်ကြားထားခြင်းမရှိသေးကြောင်း သိရသည်။
ပျောက်ဆုံးသွားခဲ့သည့်အမျိုးသမီးနှင့် ပတ်သက်၍ ဆက်လက်ရှာဖွေမှုများ ပြုလုပ်နေသော်လည်း ဖေဖော်ဝါရီ ၂၂ ရက်အထိ တွေ့ရှိခြင်း မရှိသေးကြောင်းသိရသည်။