လက်ရှိအစိုးရလက်ထက်မှာ ဒီမိုကရေစီအာဏာရှင်စနစ်ကို ဦးတည်နေဟု ကြံ့ခိုင်ရေး ဥက္ကဋ္ဌ ဝေဖန်

လက်ရှိအစိုးရလက်ထက်မှာ ဒီမိုကရေစီအာဏာရှင်စနစ်ကို ဦးတည်နေဟု ကြံ့ခိုင်ရေး ဥက္ကဋ္ဌ ဝေဖန်
ဓာတ်ပုံ-ဦးသန်းဋ္ဌေးဖေ့ဘုတ်

ဇန်နဝါရီလ ၂၃ ။           ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် အစိုးရဦးဆောင်သည့် အစိုးရလက်ထက်တွင် ဒီမိုကရေစီအာဏာရှင်စနစ်ကို ဦးတည်နေသည့် တရားဥပဒေစိုးမိုးရေး အားနည်းလာတာကို စိုးရိမ်ဖွယ် တွေ့ရကြောင်း ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေးက ယနေ့ဝေဖန်ပြောဆိုလိုက်သည် ။

ရန်ကုန်မြို့၊ဗဟန်းမြို့နယ်မှာရှိသည့် ကြံ့ခိုင်ရေးရုံးခွဲတွင်ဇန်နဝါရီလ ၂၃ ရက် နံနက် ၉ နာရီ တွင် ပြုလုပ်ခဲ့သော နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ယခုအစိုးရသစ်လက်ထက်တွင် လူ့အခွင့်အရေး ရှေ့တန်းတင်လွန်းသော နိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးသွားစေမယ့် ဆောင်ရွက်ချက်များ  လုပ်ဆောင်လာကြောင်းကို ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေးက ဆွေးနွေးပွဲမှာ ထည့်သွင်းပြောသွားခဲ့သည် ။

ယင်း ဝေဖန်မှုတွေများနှင့် ပတ်သက်ပြီး ပွဲကို တက်ရောက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းဦးက NLD အစိုးရဟာ သက်တမ်း ၁၀ လသာ ရှိသေးသည့်အတွက် ခုလို ဝေဖန်မှုတွေဟာ စောနေသေးတယ်လို့ တုန့်ပြန်ပြောဆိုခဲ့သည် ။

“ အခုလက်ရှိ အတိုက်အခံဖြစ်သွားတဲ့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ အတိုက်အခံတစ်ယောက်ဘက်က ပြောရမယ့်စကားကို သူရိုးသားသွားပြောသွားတယ်လို့ ထင်ပါတယ်။ သို့သော် ငါးနှစ်သက်တမ်းတစ်ခုလုံးနဲ့ နှိုင်းယှဉ်ဖို့အတွက် ကျွန်တော်တို့ဆယ်လသက်တမ်းဆိုတာ နှိုင်းဖို့အတွက် မသင့်တော်သေးပါဘူး ” ဟု ရန်ကုန်တိုင်းဒေအလုပ်မှုဆောင်အဖွဲ့ဒု ဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းဦးက ပြောသည် ။

ဦးသန်းဋ္ဌေး၏ အမှာစကားတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင် သုံးရပ် အပြန်အလှန် ထိန်းကျောင်းမှု အားနည်းလာတာကို ထောက်ပြခဲ့သည့်အပြင် အစိုးရသစ်လက်ထက်မှာ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ သက်ဝင်လှုပ်ရှားမှု လုံးဝမရှိဘူးဆိုတာကိုလည်း ဝေဖန်ပြောဆိုသွားခဲ့သည် ။

ထို့ပြင် နိုင်ငံတော်အတိုင်ပင်ခံ ဥပဒေပြဋ္ဌာန်းချက်တွင်လည်း အငြင်းပွားဖွယ်ဖြစ်နေကြောင်း ဝေဖန်ထောက်ပြပြောဆိုခဲ့သည့်အပြင် ဒီလိုအခြေအနေတွေကြောင့် တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးကို ထိခိုက်နေတယ်လို့လည်း  ဦးသန်းဋ္ဌေးက ပြောဆိုသွားခဲ့သည် ။

 “ နိုင်ငံရေးအပြောင်းအလဲမှာ ယန္တရားကြီးက သူ့တပ်မတော်ဆို တပ်မတော်မို့လို့ နိုင်ငံရေးအဖွဲ့အစည်းဆိုအဖွဲ့အစည်းမို့၊ သူဟာသူ နည်းနည်းလေး ဆက်စပ်မှု အားနည်းနေတယ်လို့ ယူဆတယ်။ အဲဒါကြောင့်အခုပြဿနာတွေ ပေါ်ပေါက်လတဲ့ အကြောင်းတရားက အဲဒါဆိုတာ ပိုပြီးကွက်ကွက်ကွင်းကွင်းမြင်လာတယ်လို့ ယူဆတယ် ” ဟု ကရင်ပြည်သူ့ပါတီ၊ အထွေထွေအတွင်းရေးမှူး   စောစေးဝါးက ပြောသည် ။

ယင်းဆွေးနွေးပွဲကို ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဋ္ဌေး၊ ဒုဥက္ကဋ္ဌ ဦးမြတ်ဟိန်းတို့ တက်ရောက်ခဲ့ကြသည့်အပြင် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည် ။ အဆိုပါဆွေးနွေးပွဲမှ  ထွက်ပေါ်လာသည့် ရလဒ်တွေကို လွှတ်တော်ကတစ်ဆင့် အစိုးရထံ တင်ပြသွားမယ်လို့လည်း သိရသည် ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required