NLD ပါတီ၏ လေ့လာစီစစ်ရေးအဖွဲ့အပေါ် ဘယ်လိုမြင်ကြသလဲ

NLD ပါတီ၏ လေ့လာစီစစ်ရေးအဖွဲ့အပေါ် ဘယ်လိုမြင်ကြသလဲ

ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက်တွင် NLD ပါတီ၏ အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ငန်းစွမ်းဆောင်ရည် လေ့လာစီစစ်ရေးအဖွဲ့အား ယနေ့ ဖွဲ့စည်းဟု NLD ထုတ်ပြန်ခဲ့ပြီးနောက် အဲဒီအပေါ် သဘောထားအမြင်တွေကို မေးမြန်းထားပါတယ်။

ကိုဂျင်မီ( ၈၈ ကျောင်းသားခေါင်းဆောင်)

အဲ့လို အဖွဲ့အစည်းဖွဲ့လိုက်တာက ကောင်းတာပေါ့။ ဒါကတော့ ကိုယ့်ပါတီထဲမှာကိုယ်ပြန်ပြီးတော့ သုံးသပ်ဖို့က လိုတယ်လေ။ လိုတဲ့အတွက်အဲ့ဒီမှာ ကိုယ့်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စွမ်းဆောင်ရည်တွေက တစ်ဦး ချင်းစီမှာ ဘယ်လိုတွေ ရှိမလဲဆိုတာကို လေ့လာစောင့်ကြည့်ဖို့ အတွက်က လိုကို လိုအပ်တယ်။ အဲ့ဒါမှပဲ ပါတီကကောင်းလာမှာကို ။ ပါတီပိုကောင်းဖို့လုပ်တယ်လို့ပဲ   မြင်ပါတယ် အဲ့ဒါကိုတော့။ အပြောင်းအလဲနဲ့ ပတ်သက်ပြီးတော့ တော်တော်များများ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ အဓိကကတော့   ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပေါ့နော်။ ငြိမ်းချမ်းရေးဖြစ်စဉ်က ၂၁ရာစုပင်လုံမှာ ဒါကအရေးကြီးတဲ့ကိစ္စပါ။ အဲ့ဒါကို သီးသန့်အကောင်အထည်ဖော်ဖို့ ကြိုးစားနေပါတယ်။ လက်ရှိအစိုးရနဲ့လွှတ်တော်ရဲ့တာဝန်က ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်ကတည်းက NLDက ပြောထားပြီးသားလေ။ ရွေးကောက်ပွဲဝင်တာဟာ ဒါ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ဖြစ်တယ်လို့ ပြောထားပြီးသား ဖြစ်တယ်။ အဲ့ဒီတော့ ဒါဟာရည်ရွယ်ချက်အတိုင်း လုပ်နေတယ်လို့ ကျွန်တော်မြင်ပါတယ်။

ဦးရန်ကျော် (နိုင်ငံရေးလေ့လာသုံးသပ်သူ)

ဆင်လည်း ဆင်အထွာနဲ့ ဆင်၊ မြင်းလည်း မြင်းအထွာနဲ့ မြင်းလုပ်သင့်တာကတော့ လုပ်နေတာလို့ မြင်ပါတယ်။ ပြောင်းလဲမှာကို လိုချင်လို့၊ အတင်းတိုးလုပ်လို့တော့ မရဘူးပေါ့ဗျာ။ တစ်ခုပါပဲ ။ ဒီ လွှတ်တော်အစိုးရအဖွဲ့ကို အခက်အခဲတွေ့စေတဲ့ မေးခွန်းမျိုးတွေ မမေးပါနဲ့ ဆိုတာမျိုးတွေ လုပ်လာတာမျိုးတွေကို ကျွန်တော်တို့ တွေ့ရပါ တယ်။ နိုင်ငံတကာမှာ လွှတ်တော်ဆိုတာ အစိုးရကို စောင့်ကြည့်ဝေဖန်ဖို့ထားတာဖြစ်တဲ့အတွက် ဒါမျိုးတွေကိုတော့ မလုပ်သင့်ပါဘူး။ ပြည်သူကိုယ်စား ပြည်သူက ရွေးချယ်ပေးလိုက်လို့ ဒီနေရာကို ရောက်သွားတဲ့အတွက် ပြည်သူအတွက်လည်း နည်းနည်းလေး ကြည့်ပြီးတော့ လုပ်တာကိုင်တာတွေကို အစိုးရကလည်း လွှတ်တော်အတွက်တော့ ညွှန်ကြားချက်များပေးတဲ့နေရာမှာ ပြည်သူမျက်နှာကြည့်ပြီးတော့ လုပ်ပေးစေချင်တယ်။ သူတို့ လုပ်နိုင်သလောက်တော့ လုပ်တယ်။ ဒါပေမယ့် အခုကာလအတွင်းမှာတော့ ဒီလောက်ပဲ ရောက်ပါဦးမယ်။ ဒီထက်ပိုပြီးတော့ မလုပ်နိုင်သေးတာကိုတော့ ကျွန်တော်တော့ အတိုင်းအတာတစ်ခုထိ အချိန်စောင့်ပြီး ကြည့်ရဦးမှာပေါ့လေ။

ဒေါက်တာအေးမောင် (ရခိုင်အမျိုးသားပါတီ - ဥက္ကဋ္ဌ)

ကျွန်တော်တို့ကတော့ တိုင်းရင်းသားပါတီတွေဖြစ်တဲ့အတွက်ကြောင့် တိုင်းရင်းသားပါတီတွေအနေနဲ့ ပင်မပြည်သူတွေရဲ့အမြင်နဲ့ တချို့ဟာတွေက တူနိုင်တယ်။ တချို့ဟာတွေက တူဖို့ခက်တယ်။ ကျွန်တော်တို့ရဲ့ အဓိက ပင်မပြဿနာက ငြိမ်းချမ်းရေးပဲ။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလေဗျာ။ နောက်ဖွဲ့စည်းပုံအခြေခံ ဥပဒေ။ ကျွန်တော်တို့တိုင်းရင်းသားတွေ အားလုံးလိုလားတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတစ်ခု ဖြစ်ရေးဆိုတာက အဓိက မဏ္ဍိုင်ထဲမှာ ပါတယ်လေ။ ကျန်တာ ဘာနဲ့ပဲ တိုင်းတိုင်း သနပ်ခါးလေး လိမ်းတာပဲ ရှိမှာပေါ့။ အဲ့ဒီ မဏ္ဍိုင်ကြီးနှစ်ခုကို ဘယ်လောက်ထိ ထဲထဲဝင်ဝင် ထိထိရောက်ရောက်ဆောင်ရွက်နိုင်ပြီလဲ။ တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းအောင် ဘယ်လောက်ထိ စွမ်းဆောင်နိုင်ပြီလဲ။ လက်ရှိပဋိပက္ခ နှစ်ပေါင်း ၆၉ နှစ် လက်နက်ကိုင် အမျိုးသားလွပ်လပ်မှု တော်လှန်ရေးတိုက်ပွဲတွေ အခုထိ ရှိဆဲအခြေအနေဖြစ်တယ်။ ထိထိရောက်ရောက် ဘာမှ ခုနကလို ပင်လုံဆိုတဲ့ အသံလေးတစ်ခုပဲ ပြောနိုင်တာကိုး။ ပင်လုံ ပထမအကြိမ်တုန်းကလည်း ပြောကြဆိုကြတာပဲ ရှိတယ်။ အဲ့ဒီ ပြောကြဆိုကြတာတွေကလည်း မှတ်တမ်းအဖြစ်ဖိုင်တွဲထားရုံပဲ ရှိတယ်။ ဘာမှ လက်တွေ့ အကောင်အထည်ဖော်နိုင်ခြင်း မရှိဘူး။ အားလုံးပါဝင်နိုင်ရေးဆိုတဲ့မူ ခုထိ အကောင် အထည်မဖော်နိုင်သေးဘူး။ တိုက်ပွဲတွေ အင်မတန်ကြီးကြီးမားမားရှိနေတယ်။ ဒါက အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ ပတ်သက်လို့ ဖြစ်တယ်။ ဒုတိယတစ်ချက်က ဖွဲ့စည်းပုံ ပြင်ဖို့ ကျွန်တော်တို့ ကြိုးစားတယ်။ မပြင်နိုင်ဘူးဆိုတဲ့ သဘောနဲ့ ဖွဲ့စည်းပုံကို ရေးခဲ့တဲ့ပုဂ္ဂိုလ်တွေက သွားမှာပေါ့။ အဲ့တော့ ကျွန်တော်တို့အားလုံး ပြောကြပါတယ်။ တိုင်းရင်းသားအမတ်တွေ၊ တိုင်းရင်းသားပါတီတွေကော၊ NLD ကော ပြောကြတာပေါ့။ ကြံ့ခိုင်ရေးကတောင် ဖွဲ့စည်းပုံပြင်ချင်တယ်လို့ ပြောခဲ့တာပဲလေ။ ဒါပေမယ့် ဒီဖွဲ့စည်းပုံအရ တိုင်းရင်းသားဒေသတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်လေးကို ပေးသင့်တယ်ဆိုတဲ့ အမြင်လေးတောင် လက်ရှိအစိုးရမှာ မပေါ်ခဲ့ဘူး။ ဥပမာ- ရခိုင်နဲ့ ရှမ်းဖြစ်စဉ်ကို ကြည့်ပေါ့။ ၂ဝ၁၅ ရွေးကောက်ပွဲအပြီးမှာ။ အဲ့ဒီအခါမှာ စစ်မှန်တဲ့ ပြည်ထောင်စုကို တကယ်သွားလိုသလားဆိုတဲ့ သံသယအမြင်လေးတွေဟာ တိုင်းရင်းသားပါတီများရင်ထဲမှာ တော်တော်လေး စူးစူးနစ်နစ်လေးရှိသွားတာပေါ့။ NLD အပေါ်မှာ အမြင်ကိုပြောတာပါ။ လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက်နဲ့ မဆိုင်ဘူးနော်။ လက်ရှိအစိုးရက အဲ့ဒီနှစ်ချက်ကို အကောင်အထည်ဖော်ဖို့ အင်မတန် လိုသေးတာပေါ့။

ဒေါက်တာ ရန်မျိုးသိမ်း (နိုင်ငံရေးလေ့လာသုံးသပ်သူ)

ကျွန်တော့ရဲ့အမြင်ကတော့ လက်ရှိအစိုးရနဲ့ လွှတ်တော်ပေါ့လေ။ တစ်နှစ်နီးပါးရှိနေတဲ့ သက်တမ်းအတွင်းမှာ ကြည့်မယ်ဆိုရင် အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ စွမ်းဆောင်ရည်ကို ကျွန်တော်ကတော့ အားရကျေနပ်ဖွယ်မရှိဘူးလို့ မြင်တယ်။ တကယ်တမ်း စာမေးပွဲတစ်ခုမှာ အမှတ်ပေးသလိုမျိုး စဉ်းစားမယ် ဆိုရင်တော့ အောင်မှတ်မရဘူးလို့ ယေဘုယျသုံးသပ်ချင်တယ်။ ဥပမာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အပြောင်း အလဲပိုင်းမှာ ကြည့်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံမှာ ကြုံတွေ့နေရတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းနဲ့ ပတ်သက်ပြီးတော့ လက်ရှိပြည်သူလူထုကနေ ရွေးကောက်တင် မြှောက်လိုက်တဲ့ လွှတ်တော်ထဲမှာ တစ်လုံး တပါဒတောင်မှ ပြောသံဆိုသံမကြားရတာ၊ ဆွေးနွေးတဲ့အသံ မကြားရတာ အင်မတန်မှ အားမရစရာ တစ်ခုလို့ မြင်တယ်။ အစိုးရအဖွဲ့ရဲ့ စွမ်းဆောင်ရည်ပိုင်းကို ကြည့်မယ်ဆိုရင်လည်း အခြားကိစ္စတွေ ထားဦး။ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်တဲ့အပိုင်းမှာ အင်မတန်မှ အားနည်းတယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့ အစိုးအဖွဲ့အနေနဲ့ ပြောမယ်ဆိုရင်လည်းပဲ ကျွန်တော်တို့ တိုင်းပြည်မှာ အဂတိလိုက်စားမှုက အင်မတန်မှ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ကြီးကြီးမားမားဖြစ်နေတဲ့ အနေအထားကို လျစ်လျူရှုထားသလိုမျိုး ဖြစ်နေတာကလည်း အင်မတန်မှ အားရစရာမရှိဘူးလို့ ကျွန်တော် ကတော့ သုံးသပ်ပါ တယ်။ အဲ့ဒီတော့ အစိုးအဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စွမ်းဆောင်ရည်ကို အကဲဖြတ်ဖို့ဆိုတာက လိုအပ်ပါတယ်။ ဒါပေမယ့် အဲ့ဒီလို စွမ်းဆောင်ရည်ကို အကဲဖြတ်တဲ့နေရာမှာ ကျွန်တော်အမြင်အားဖြင့်တော့ သီးခြားလွတ်လပ်ပြီးတော့ အစိုးရနဲ့လည်း မသက်ဆိုင်တဲ့၊ ပါတီနဲ့လည်း မသက်ဆိုင်တဲ့ လွတ်လပ်တဲ့အဖွဲ့ အစည်းတစ်ခုကနေပြီး စောင့်ကြည့် အကဲဖြတ်ပြီးတော့ ဆန်းစစ်အစီခံတယ်ဆိုတာက ပိုပြီးတော့ အဓိပ္ပာယ်ရှိတယ်လို့ မြင်တယ်။ အခုလို ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေပါတဲ့အဖွဲ့ကနေ ဆန်းစစ်မယ်ဆိုတော့ အမှန် တကယ်က ပြောမယ်ဆိုရင် ဒီအစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကို အများစုရွေးချယ်ခဲ့တဲ့ သူတွေကပဲ အဲ့ဒီလူတွေရဲ့ စွမ်းဆောင်ရည်ကို ဆန်းစစ်မယ်ဆိုတာက ပြောမယ်ဆိုရင်တော့ ကြောင်းကျိုးဆီလျော်မှုမရှိဘူးလို့ ကျွန်တော်ကတော့ မြင်ပါတယ်ဗျ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required