ဖာ့စ်သူပုန်များနှင့် ငြိမ်းချမ်းရေးယူရာတွင် လွတ်ငြိမ်းချမ်းသာ ခွင့်ပြုရေးကို ကိုလံဘီယာလွှတ်တော် အတည်ပြု

ဖာ့စ်သူပုန်များနှင့် ငြိမ်းချမ်းရေးယူရာတွင် လွတ်ငြိမ်းချမ်းသာ ခွင့်ပြုရေးကို ကိုလံဘီယာလွှတ်တော် အတည်ပြု

ဘိုဂိုတာ၊ ဒီဇင်ဘာ ၂၉ ။                ။ ကိုလံဘီယာနိုင်ငံ၏ ဆယ်စုနှစ်များစွာ ပြည်တွင်းပဋိပက္ခအတွင်း ပြစ်မှုငယ်များ ကျုးလွန်သည်ဟု စွပ်စွဲခံရသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် ဥပဒေတစ်ရပ်အား လွှတ်တော်က အတည်ပြုသည်။

လက်ဝဲယိမ်းဖာ့စ်ပြောက်ကျားသူပုန်များနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုကို ရှေ့ရှုဖော်ဆောင်ခြင်းအဖြစ် သမ္မတဂျုအန်မန်နျူရယ်ဆန်တို့စ်က ချီးမြှောက်ပြောဆိုသည်။

ဖာ့စ်သူပုန်များနှင့် မူလငြိမ်းချမ်းရေးသဘောတူညီမှုအား ပြည်သူ့ဆန္ဒခံယူပွဲက မဲပေးပယ်ချလိုက်ပြီးနောက်ပိုင်း အစိုးရက ကိုယ်တိုင်ရယူဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးသဘောတူညီမှုတွင် ယခု လွတ်ငြိမ်းချမ်းသာခွင့်ပြုရေးက တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်သည်။

ကိုလံဘီယာပြည်တွင်း ပဋိပက္ခများ၌ လူပေါင်း ၂၆၀၀၀၀ ကျော် သေဆုံးကာ သန်းပေါင်းများစွာ နေရပ်ရွှေ့ပြောင်းခဲ့ရသည်။

ယခုလွှတ်တော် အတည်ပြုသော လွတ်ငြိမ်းချမ်းသာခွင့်သည် နိုင်ငံ၏ အကြီးဆုံးသူပုန်အဖွဲ့ဖြစ်သည့် ဖာ့စ်သူပုန်အုပ်စုမှ အဆင့်နိမ့် အဖွဲ့ဝင်တစ်ချို့နှင့် စစ်တပ်က တပ်သားအချို့အနေဖြင့် တရားစွဲဆိုခံရခြင်းမှ ကင်းလွတ်ခွင့် ရမည်ဖြစ်သည်။

ရာဇဝတ်ပြစ်မှုငယ်များဖြင့် စွပ်စွဲခံထားရသော ဖာ့စ်သူပုန်အဖွဲ့ဝင် ထောင်ပေါင်းများစွာရှိနေရာ ၎င်းတို့အနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ခံစားရဖွယ် ရှိနေပြီဖြစ်သည်။

အောက်တိုဘာ ၂ ရက်က ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ပြည်သူ့ မဲဖြင့်ပယ်ချခဲ့သည့် မူလငြိမ်းချမ်းရေးသဘောတူညီမှုမှာ သူပုန်များအပေါ် ပိုမိုသက်ညှာခွင့်များ ပေးထားသည်ဟု ရှုမြင်ထားကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required