ဆယ်လအတွင်း တရားမဝင် သစ် တန်ချိန် သုံးသောင်းနီးပါး ဖမ်းမိ

ဆယ်လအတွင်း တရားမဝင် သစ် တန်ချိန် သုံးသောင်းနီးပါး ဖမ်းမိ
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(နိုဝင်ဘာ ၉ရက်၊ ၂၀၁၆ခုနှစ်)။ ။ တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ကာကွယ်တားဆီးရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ရာ ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလကုန်အထိ တရားမဝင် သစ် တန်ချိန် သုံးသောင်းနီးပါး ဖမ်းဆီးရမိခဲ့သည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောဆိုသည်။

“၂၀၁၆ခုနှစ်၊ အောက်တိုဘာလကုန်အထိ ကျွန်း၊ သစ်မာ၊ အခြား (၂၈,၂၃၃ဒဿမ ၇၃၃၇)တန်ကို တရားခံ၊ ယာဉ်/ယန္တယား၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါတယ်” ဟု ဦးအုန်းဝင်းက ပြောသည်။

နေပြည်တော်ရှိ The Hotel Royal Ace တွင် နိုဝင်ဘာ ၉ရက်က ကျင်းပပြုလုပ်သည့် မြန်မာ့သစ်တောမူဝါဒဆိုင်ရာ ပြန်လည်သုံးသပ်သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ဦးအုန်းဝင်းက တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ကာကွယ်တားဆီးရေးနှင်ပတ်သက်ပြီး ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးဌာနအနေဖြင့် သစ်တောသယံဇာတနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ပြစ်မှုနှင့် ပြစ်ဒဏ်များ ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်သတ်မှတ်နိုင်ရေးနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ဥပဒေပါဝေါဟာရနှင့် အသုံးအနှုန်းများ ပြင်ဆင်သတ်မှတ်နိုင်ရေးအတွက် သစ်တောဦးစီးဌာန၏ သစ်တောဥပဒေအား အသစ်ပြန်လည်ရေးဆွဲခြင်းနှင့် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေအား ပြင်ဆင်ဖြည့်စွက် ပြဌာန်းရန် ဆောင်ရွက်လျက်ရှိသည်ဟုလည်း ဦးအုန်းဝင်းက ပြောသည်။

Golbal Forest Resources Assessment(FRA)အရ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုမှာ ၁၉၉၀ခုနှစ်တွင် နိုင်ငံဧရိယာ၏ ၅၇ဒဿမ ၉၇ရာခိုင်နှုန်း၊ ၂၀၀၀ခုနှစ်တွင် ၅၁ဒဿမ ၅၄ရာခိုင်နှုန်း၊ ၂၀၀၅ခုနှစ်တွင် ၄၉ဒဿမ ၂၅ရာခိုင်နှုန်း၊ ၂၀၁၀ခုနှစ်တွင် ၄၆ဒဿမ ၉၆ရာခိုင်နှုန်းနှင့် ၂၀၁၅ခုနှစ်တွင် ၄၂ဒဿမ ၉၂ရာခိုင်နှုန်း ဖြစ်သည်။

၁၉၉၀ခုနှစ်မှ ၂၀၁၀ခုနှစ်အတွင်း သစ်တောပြုန်းတီးမှုနှုန်းမှာ ဝဒဿမ ၅၅ရာခိုင်နှုန်း၊ ၂၀၁၀မှ ၂၀၁၅ခုနှစ်အတွင်း ၁ဒဿမ ၇၃ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိရပြီး ကမ္ဘာပေါ်ရှိ နှစ်စဉ် သစ်တောဧရိယာအများဆုံး ပျက်စီးပြုန်းတီးသည့် နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံ ပါဝင်နေသည်။

အစိုးရသစ်တက်လာပြီးနောက် ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်တွင် ကျွန်းနှင့်သစ်မာထုတ်လုပ်ခြင်းကို ရပ်နားခြင်းနှင့် ပဲခူးရိုးမဧရိယာတွင် ကျွန်းနှင့်သစ်မာထုတ်လုပ်ခြင်းကို (၁၀)နှစ်အထိ ရပ်နားခြင်းတို့ ဆောင်ရွက်ခဲ့သလို တရားမဝင်သစ် တားဆီးကာကွယ်ရေးကို ပိုမိုထိရောက်စွာဆောင်ရွက်လာသည်ကို တွေ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required