နောက်ခံလူ ဘယ်လာရင်ကို အာဆင်နယ်အသင်း စာချုပ်သစ် ချုပ်ဆို

နောက်ခံလူ ဘယ်လာရင်ကို အာဆင်နယ်အသင်း စာချုပ်သစ် ချုပ်ဆို

အင်္ဂလန်၊ နိုဝင်ဘာ ၉ ။                 ။ အာဆင်နယ်အသင်းသည် အသက် ၂၁ နှစ်အရွယ်ရှိ နောက်ခံကစားသမား ဟက်တာဘယ်လာရင်ကို ၆ နှစ် သက်တမ်းတိုးစာချုပ်ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။

ဘယ်လာရင်၏ လက်ရှိစာချုပ်မှာ ၂၀၁၈ ခုနှစ်အထိ ချုပ်ဆိုထားခြင်းဖြစ်ပြီး လစာငွေမှာ တစ်ပတ် ပေါင်လေးသောင်း ဖြစ်သည်။ စာချုပ်သစ်အရ ဘယ်လာရင်မှာ တစ်ပတ်လုပ်ခလစာငွေ ပေါင် ၁ သိန်းနှင့် အပိုဆုကြေးငွေများရရှိမည် ဖြစ်သည်။ ခြောက်နှစ်စာအတွက် ဘယ်လာရင်၏ စာချုပ်တန်ကြေးမှာ ပေါင်သန်း ၃၀ ရှိမည် ဖြစ်သည်။

ယခုကဲ့သို့ စာချုပ်သစ်ချုပ်ဆိုလိုက်ခြင်းဖြင့် ဘာစီလိုနာနှင့် မန်စီးတီးတို့၏ စိတ်ဝင်စားနေမှုကို အာဆင်နယ်အသင်းက အဆုံးသတ်နိုင်ခဲ့သည်။

ဘယ်လာရင်ကို စာချုပ်သစ် ချုပ်ဆိုနိုင်ပြီးနောက်တွင် အာဆင်နယ်အသင်းက အသင်း၏အဓိက တိုက်စစ်ကစားသမားများဖြစ်သော အိုဇေးလ်နှင့် ဆန်းချက်ဇ်တို့ကို စာချုပ်သစ်ချုပ်နိုင်ရန် ဆက်လက် ကြိုးပမ်းလျက်ရှိသည်။ အိုဇေးလ်ကို တစ်ပတ်လုပ်ခလစာငွေ ပေါင် ၂ သိန်းဖြင့် ၅ နှစ်စာချုပ် ချုပ်ဆိုရန် နီးစပ်နေပြီဖြစ်သော်လည်း ဆန်းချက်ဇ်အား စာချုပ်ချုပ်ဆိုနိုင်ရန်မှာမူ အခြေအနေက ရှုပ်ထွေးလျက် ရှိနေသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required