ဒူတာတေး၏ မူးယစ်စစ်ပွဲကို တရုတ် ထောက်ခံအားပေး

ဒူတာတေး၏ မူးယစ်စစ်ပွဲကို တရုတ် ထောက်ခံအားပေး

ပေကျင်း၊ အောက်တိုဘာ ၁၅ ။              ။ တရုတ်နိုင်ငံသို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေး လာရောက်မလည်ပတ်မီ တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံအတွင်း ဒူတာတေး၏ သွေးထွက်သံယို မူးယစ်နှိမ်နှင်းရေး စစ်ပွဲများနှင့် ပတ်သက်ပြီး ထောက်ခံကြောင်း ပြောဆိုဖော်ပြသည်။

ဇူလိုင်လမှ စတင်ဆင်နွှဲသည့် မူးယစ်တိုက်ဖျက်ရေးစစ်ပွဲများအတွင်း ရဲနှင့် မည်သည့်အဖွဲ့အစည်းမှန်းမသိရနိုင်သည့် အဖွဲ့တို့၏ လက်ချက်ဖြင့် သေဆုံးသူပေါင်းက ၃၇၀၀ ကျော်ရှိသွားပြီဖြစ်ကြောင်း အစိုးရထုတ်ပြန်ချက်များအရ သိရသည်။ ဖိလစ်ပိုင်၏ ထိုသို့ နှိမ်နှင်းမှုများကြောင့် အနောက်နိုင်ငံများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာရာဇဝတ်မှုခုံရုံးတို့၏ ပြစ်တင်ခြင်းကို ခံရသည်။

“ကျွန်တော်တို့က ခေါင်းဆောင်ဒူတာတေး ဦးဆောင်မှုနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်နေတဲ့ ဖိလစ်ပိုင်ရဲ့ အခြေအနေကို နားလည်တယ်။ ထောက်ခံအားပေးတယ်။”ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောရေးဆိုခွင့်ရှိသူ ကျန်ရှုအန်းက ပြောသည်။

လာမည့်သီတင်းပတ်တွင် သမ္မတဒူတာတေးက ဇွန်လအတွင်း ရာထူးလက်ခံပြီးနောက်ပိုင်း အရှေ့တောင်အာရှပြင်ပ ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်မည်ဖြစ်ကာ   တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်ပြီး တင်းမာနေသည့် တရုတ်နှင့် ဆက်ဆံရေးကို ပြန်လည်ထိန်းသိမ်းရန် ကြိုးစားလာခြင်းလည်းဖြစ်သည်။

သမ္မတ ဒူတာတေးအနေဖြင့် ယခင်ကိုလိုနီဟောင်းနှင့် စစ်ရေးမဟာမိတ်ဖြစ်သည့် အမေရိကန်အပေါ် အကြိမ်ကြိမ် အပြောကြမ်းကြမ်းဖြင့် ပြောဆိုနေပြီး တရုတ်နှင့် ရုရှတို့နှင့် နီးကပ်စွာ ဆက်ဆံရေး တည်ထောင်လျက် ရှိပုံရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required