အမုန်းစကား ပြောဆို၊ ရေးသားသူများကို အရေးယူမည့် ဥပဒေကြမ်း ရေးဆွဲပြီးပြီ

အမုန်းစကား ပြောဆို၊ ရေးသားသူများကို အရေးယူမည့် ဥပဒေကြမ်း ရေးဆွဲပြီးပြီ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်း(အလယ်) (ဓာတ်ပုံ- အောင်ကျော်/မဇ္ဈိမ)

နေပြည်တော်(ဩဂုတ် ၁၉၊ ၂၀၁၆ခုနှစ်)။ ။ လူမျိုးတစ်ခုနှင့်တစ်ခုအကြား၊ ကိုးကွယ်ရာဘာသာတစ်ခုနှင့် တစ်ခုအကြား အမုန်းပွား(Hate Speech)စေသည့် ရေးသား၊ ပြောဆို၊ ဖြန့်ဖြူးသူများအား အရေးယူမည့် ဥပဒေကြမ်းတစ်ရပ်ကို ရေးဆွဲပြီးပြီဖြစ်ပြီး ယင်းဥပဒေကြမ်းအား ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့ကာ အကြံပြုချက်များ တောင်းခံထားည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်းက ပြောသည်။

ယင်းဥပဒေကြမ်းအား ဥပဒေပညာရှင်များ၊ ဘာသာအသီးသီးမှ ဘာသာရေးခေါင်းဆောင်များနှင့် ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့တို့က ရေးဆွဲထားခြင်းဖြစ်ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ပြန်လည်တည်းဖြတ်ကာ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ဆက်လက်ပေးပို့ထားခြင်းဖြစ်သည်။

“ကျွန်တော်တို့က နိုင်ငံတော်သမ္မတရုံးကို ဆက်ပြီးတော့ တင်ပြပါ့မယ်။ ပြီးရင် လွှတ်တော်အသီးသီးကို ပေးပို့ပြီးတော့မှ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမေးမြန်းချက်တွေအပေါ်မှာ ပြင်ဆင်ချက်တွေနဲ့ ဒီ Hate Speech ဥပဒေကို ပြဌာန်းလိုက်မယ်ဆိုရင်တော့ ဒီပဋိပက္ခမှုတွေနဲ့ ပွတ်တိုက်မှုတွေဟာ တော်တော်လေးလျှော့ကျမှာဖြစ်ပါတယ်” ဟု ဦးဇာနည်ဝင်းက ပြောသည်။

၂၀၁၆ခုနှစ်၊ ဩဂုတ် ၁၉ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနရုံးတွင်ပြုလုပ်သော အစိုးရသစ်၏ ရက်(၁၀၀)စီမံချက် သတင်းစာရှင်းလင်းပွဲတွင် မဇ္ဈိမ၏ မေးမြန်းချက်အပေါ် ဦးဇာနည်ဝင်းက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

သို့သော် ဥပဒေကြမ်းတွင်ပါဝင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များနှင့်ပတ်သက်၍မူ အသေးစိတ် ပြောဆိုသွားခဲ့ခြင်း မရှိသေးပေ။

“အမုန်းစကားဖြန့်ဖြူးတဲ့ကိစ္စတွေက ဘာသာရေးနဲ့ပတ်သက်ပြီးတော့၊ လူမျိုးရေးနဲ့ပတ်သက်ပြီးတော့ ထိလွယ်၊ ရှလွယ်တဲ့ကိစ္စတွေ အများကြီးဖြစ်ပေါ်ပါတယ်” ဟုလည်း ဦးဇာနည်ဝင်းက ဆိုသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဒေါက်တာ ဒေါ်နန္ဒာမွန်းကလည်း “သာသနာရေးနဲ့ပတ်သက်လို့ နိုင်ငံတစ်ကာကအတိုင်း ဖွဲ့စည်းပုံအခြေခံနဲ့အညီ လွတ်လပ်စွာ ယုံကြည်၊ ကိုးကွယ်ခွင့်ရှိတယ်ဆိုတာကို ကျွန်မတို့က မူဝါဒအနေနဲ့ လက်ခံပြီးသားပါ” ဟု ပြောဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required