အငြင်းပွား ကျွန်းစုများအနီး တရုတ်သင်္ဘောများ ချဉ်းကပ်မောင်းနှင်ခဲ့မှုအပေါ် ဂျပန်က ပြင်းပြင်းထန်ထန် ကန့်ကွက်

အငြင်းပွား ကျွန်းစုများအနီး တရုတ်သင်္ဘောများ ချဉ်းကပ်မောင်းနှင်ခဲ့မှုအပေါ် ဂျပန်က ပြင်းပြင်းထန်ထန် ကန့်ကွက်

သြဂုတ် ၆ ။                             ။ နှစ်နိုင်ငံ အငြင်းပွားကျွန်းစုများအနီး ရေပြင်တွင် သြဂုတ်လ ၅ ရက်က တရုတ်ကမ်းခြေစောင့်ရေယာဉ်များနှင့် ငါးဖမ်းသင်္ဘောများ ချဉ်းကပ်မောင်းနှင်ခဲ့မှုအပေါ် ဂျပန်အစိုးရက တရုတ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပြောကြားလိုက်သည်။

အရှေ့တရုတ်ပင်လယ်ပြင်ရှိ လူသူမနေသော ကျွန်းများ (ဂျပန်အခေါ် ဆန်ကာကူ၊ တရုတ်အခေါ် သယောက်ယွီ) ကို လက်ရှိအချိန်တွင် တိုကျိုအစိုးရကက ထိန်းချုပ်ထားပြီး တရုတ်ဘက်ကလည်း ယင်းတို့ကို ပိုင်ဆိုင်ကြောင်း ပြောကြားထားပြီး ရံဖန်ရံခါဆိုသလို ယင်း၏ ကမ်းခြေစောင့်တပ်များကို စေလွှတ်လေ့ရှိသည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ တရုတ်တို့ဘက်မှ ကမ်းခြေစောင့်သင်္ဘောများနှင့် ငါးဖမ်းရေယာဉ်များကို အတူတကွ မောင်းနှင်စေလွှတ်ခဲ့ပြီး ယင်းလုပ်ရပ်မှာ မိမိတို့ နိုင်ငံကို ထပ်မံရန်စလိုက်ခြင်းဖြစ်ကြောင်း ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦးက ပြောသည်။

အလားတူ ယင်းကိစ္စနှင့်ပတ်သက်၍ ကန့်ကွက်စကားဆိုရန်  တရုတ်သံအမတ် ချုံယောင်ဟွာအားလည်း ဆင့်ခေါ်ခဲ့ကြောင်း ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားသည်။

တရုတ်၏ သမုဒ္ဓရာရေကြောင်းဆိုင်ရာ အုပ်ချုပ်မှုအဖွဲ့မှ ကမ်းခြေစောင့်သင်္ဘောနှစ်စီးမှာ ဆန်ကာကူကျွန်းစုများရှိရာ ဂျပန်ရေပြင်ပိုင်နက်အနီး ချဉ်းကပ်မောင်းနှင်ခဲ့ပြီးမှ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required