မြန်မာနိုင်ငံက ဟယ်ရီပေါ်တာ

မြန်မာနိုင်ငံက ဟယ်ရီပေါ်တာ

ဟယ်ရီပေါ်တာ မှော်ဇာတ်လမ်းတွဲကို လူတိုင်းသိကြမှာပါ။ ခမ်းနားလှပတဲ့ မှော်တက္ကသိုလ်၊ ဆန်းကြယ်တဲ့ မှော်ပညာအစွမ်းတွေနဲ့ မှော်ပစ္စည်းတွေက လူငယ်တွေကိုသာမကပဲ လူကြီးတွေကိုပါ စွဲလန်းစေနိုင်တဲ့အထိ တစ်ကမ္ဘာလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ဟယ်ရီပေါ်တာရဲ့မှော်စွမ်းအင်တွေနဲ့ မှော်တက္ကသိုလ်ကြီးဟာ အပြင်မှာ တကယ်ရှိသယောင်ထင်မှတ်စေတဲ့အထိ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ပြီး လက်တွေ့လူနေမှုဘဝမှာပါ မှော်ပညာကိုလေ့လာလိုက်စားတဲ့အထိဖြစ်ခဲ့ပါတယ်။

တစ်ကမ္ဘာလုံးမှာ မှော်ပညာလေ့လာမှုတွေ မှော်သင်တန်းကျောင်းတွေရှိနေသလို မြန်မာနိုင်ငံမှာလည်း မှော်ပညာအခြေခံကို သင်ကြားနိုင်မယ့် သင်တန်းကျောင်းတစ်ခုရှိနေပါပြီ။ ဒီသင်တန်းကျောင်းကိုတော့ အသက် ၂၁နှစ်ပဲရှိသေးတဲ့ လူငယ်လေးတစ်ဦးက ဦးဆောင်ဖွင့်လှစ်နေတာပါ။ သူကတော့ မြန်မာနိုင်ငံရဲ့ ဟယ်ရီပေါ်တာလို့ တင်စားခေါ်ဝေါ်နိုင်တဲ့ သူရအောင်ထက်ပါ။ အသက် ၈နှစ်အရွယ်မှာ မှော်ပညာကို အမှတ်မထင် လက်တည့်စမ်းမိရာကနေ မှော်ဆရာတစ်ယောက်ဖြစ်လာတဲ့ သူရအောင်ထက်ရဲ့ ကောက်ကြောင်းက……………။

မှော်ဆရာဖြစ်ဖို့ မွေးလာသူ

သူရအောင်ထက်ဟာ မှော်ပညာကို အသက် ၈နှစ်အရွယ်ကတည်းက စတင်ထိတွေ့ခဲ့ပြီး ယုံကြည်မှုမရှိလို့ လက်တည့်စမ်းရာကနေ အဆင့်မြင့်မှော်ပညာတွေကို ဆက်လက်ဆည်းပူးလေ့လာတဲ့ အဆင့်အထိ ရောက် လာခဲ့ပါတယ်။

“တကယ်က ဒီပညာကို ကျွန်တော်မယုံဘူးဗျ။ ကျွန်တော် ၈နှစ်သားမှာ ကြားဖူးနားဝရှိတဲ့ ပညာရပ်နဲ့ သူငယ်ချင်းတစ်ယောက်ကို ခေါင်းကိုက်အောင် အစီအရင်လုပ်ခဲ့တယ်။ အဲ့ဒီအစီအရင် အောင်မြင်ပြီး တဲ့နောက်မှာ ဒီပညာကို ကျွန်တော်မယုံလို့ ဆက်ပြီးလေ့လာဖြစ်လာတယ်။” လို့ သူရအောင်ထက်က သူ့ရဲ့မှော်ပညာခရီးလမ်းအစကို ပြောပါတယ်။

နောက်ပိုင်းမှာတော့ အချိန်အားရတိုင်းမှာ မှော်ပညာကို လေ့လာလိုက်စားပြီး လေ့ကျင့်မှုတွေပြုလုပ်ခဲ့ပါတယ်။ သူက မှော်ပညာကို လေ့လာတဲ့နေရာမှာ ပြည်တွင်းပြည်ပ နည်းလမ်းပေါင်းစုံကို စာအုပ်တွေ ကတစ်ဆင့် လေ့လာခဲ့ရပါတယ်။ မှော်ပညာဆိုတာ လက်ဆုပ်လက်ကိုင် သက်သေပြနိုင်ဖို့ ခက်တဲ့အတွက် လူအများစုက ယုံကြည်မှုမရှိကြပါဘူး။

“ကျွန်တော်ဒါတွေစလုပ်တော့ အိမ်ကမသိဘူး။ နောက်ပိုင်းမှာသူငယ်ချင်းတွေက အိမ်လာတိုင်မှ သိတာ။ အစပိုင်းကတော့ ကန့်ကွက်တာပေါ့။ ဒါပေမယ့်နောက်ပိုင်းမှာ ကျွန်တော်က အရမ်းစိတ်အား ထက်သန်နေတော့ အားပေးတယ်လည်းမဟုတ်ဘူး။ အားမပေးဘူးလည်း မဟုတ်ဘူး။ ဘာမှမပြောတော့ပဲ လွှတ်ပေးလိုက်တော့တာပဲ။”

သူရအောင်ထက်အနေနဲ့ မှော်ပညာကို လေ့လာလိုက်စားတဲ့နေရာမှာ အနောက်တိုင်းနည်းပညာ၊ အရှေ့တိုင်းနည်းပညာမခွဲပဲ ဖတ်မှတ်လို့ရသလောက် စာပေကနေပဲတစ်ဆင့်လေ့လာရတာပါ။ တကယ်တော့ မြန်မာနိုင်ငံမှာတော့ မှော်ပညာဆိုတာ အောက်လမ်းပါ။ သူများကို ပြုစားပြီးဒုက္ခပေးနိုင်တဲ့ပညာမျိုးလို့ သတ်မှတ်ကြပါတယ်။ ဒါပေမယ့် သူကတော့ ပညာရပ်ကို ပြန်အသုံးချတဲ့အခါမှာ အသုံးပြုသူရဲ့စိတ်နေစိတ်ထား အပေါ်ပဲမူတည်တယ်လို့ဆိုပါတယ်။

“မှော်ပညာဆိုတာ တကယ်တော့ အောက်လမ်းနည်းပါ။ ဒါပေမယ့် အထက်လမ်းတွေ အောက်လမ်းတွေဆိုတာက သုံးတဲ့လူရဲ့စိတ်ခံစားမှုအပေါ်ပဲ မူတည်ပါတယ်။ မကောင်းတဲ့နေရာမှာ သုံးမယ်ဆိုရင် သူ့အတွက်လဲ ပြန်ခံရတာမျိုးတွေရှိလာနိုင်ပါတယ်။”

မြန်မာ့မှော်ပညာရှင်များစုဝေးရာ (သု့ိ) KCB Centre

သူရအောင်ထက်ဟာ သူတတ်ကျွမ်းတဲ့ပညာရပ်အတွက် အချင်းချင်းပြန်လည်ဝေမျှတိုင်ပင်နိုင်ဖို့ KCB Centre ဆိုတဲ့ ဘလော့ဂ်တစ်ခုကို စတင်တည်ထောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Facebook Page ဖြစ်လာပြီး မှော်ပညာနဲ့ပတ်သက်တဲ့ဆောင်းပါးတွေ၊ ဇာတ်လမ်းတွေနဲ့ ပညာရပ်တွေကိုဝေမျှရေးသားမှုတွေလုပ်လာကြပါတယ်။ နောက်ပိုင်းမှာ လူသိများလာပြီး မှော်ပညာသင်တန်းကျောင်းဖွင့် ဖို့တောင်းဆိုမှုတွေရှိလာတဲ့အတွက် မှော်သင်တန်းကျောင်းကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။

“ကျွန်တော်ကိုယ်တိုင်ဒီပညာကို မယုံတဲ့အနေအထားကနေ လေ့လာခဲ့တာဆိုတော့ ကျွန်တော့်သင်တန်းကိုလည်း မယုံတဲ့လူတွေအတွက် ရည်ရွယ်ဖွင့်လှစ်တာပါ။ လောလောဆယ်တော့ အခြေခံမှော်ပညာ ကိုပဲသင်ပေးနေပါတယ်။ နောက်ထပ် အဆင့်မြင့်တန်းခွဲတွေကိုတော့ နောက်ပိုင်းမှာ ဆက်ဖွင့်ဖို့ ရည်ရွယ်ထားပါတယ်။” လို့ သူရအောင်ထက်က သင်တန်းနဲ့ပတ်သက်ပြီး ပြောပါတယ်။

မှော်ပညာကို လာသင်တဲ့လူတွေအထဲမှာ မယုံလို့အပျော်သဘောလာသင်တဲ့သူတွေရှိသလို ကိုယ့်အသက်မွေးဝမ်းကြောင်း ပညာရပ်မှာ ပြန်လည်အသုံးချလိုတဲ့အတွက် လာသင်သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် မှော်ပညာရဲ့သဘောက တစ်ခုလိုချင်ရင် တစ်ခုပြန်ပေးရမှာဖြစ်လို့ မလိုအပ်ဘဲ မသုံးစေချင်ဘူးလို့ သူရအောင်ထက်ကပြောသလို မကောင်းတဲ့နေရာတွေမှာ ပြန်မသုံးဖို့အတွက်လည်း သူက ဆရာစားချန်သင်ကြားတာမျိုးတွေနဲ့ ထိန်းထားပါတယ်။ သူရအောင်ထက်ကိုယ်တိုင် ဈေးကွက်ရှာဖွေရေး ကမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတာဖြစ်ပြီး မှော်ပညာကို အလုပ်မှာ မသုံးဘူးလို့ဆိုပါတယ်။

“မှော်ပညာက တစ်ခုလိုချင်ရင်တစ်ခုပြန်ပေးရတယ်။ ကိုယ်လိုချင်တာတစ်ခုရဖို့ဆိုရင် ကိုယ့်အတွက် ပြန်ခံရတာမျိုးရှိတယ်။ တစ်ချို့အရာတွေက လက်ရှိဘဝမှာ မထိခိုက်နိုင်ပေမယ့် နောက်ဘဝမှာ ခံရမှာမျိုး တွေရှိတယ်။ ဥပမာ- ရုက္ခစိုးနတ်အကူအညီနဲ့အစီအရင်လုပ်ပြီးရင် သူပြန်ခိုင်းတာကိုလည်း ပြန်လုပ်ပေးရတယ်။ သင်တန်းမှာတော့ ကောင်းတာမကောင်းတာကို ကျွန်တော် ရှင်းပြပေးသလို တစ်ချို့အရေးကြီးတဲ့ ဟာမျိုးတွေကိုတော့ ကျွန်တော်ချန်ပြီးမှ သင်ပေးတာမျိုးတွေရှိပါတယ်။”

မြန်မာ့မှော်ဝန်ကြီးဌာန

လူငယ်မှော်ပညာရှင် သူရအောင်ထက်ရဲ့အိပ်မက်ကတော့ မြန်မာနိုင်ငံမှာမှော်ဝန်ကြီးဌာနတစ်ခုဖွင့်နိုင်ဖို့ပါ။ လက်ရှိအချိန်မှာ သူက မှော်ပညာရပ်တွေကိုပဲ သင်ကြားပေးနေပေမယ့် သူကတော့နောက်ပိုင်းမှာ မှော်ရုပ်ရှင်တွေ၊ မှော်စာပေတွေရေးသားဖြန့်ဖြူးနိုင်ဖို့အတွက် မှော်ဝန်ကြီးဌာနဖွဲ့ဖို့ စိတ်အားထက်သန်နေတာပါ။

“အခုသင်တန်းက မှော်ပညာအခြေခံကိုပဲသင်ကြားပေးနေတာပါ။ နောက်ပိုင်းမှာ နိုင်ငံတကာမှာလို့ မှော်ဘွဲ့တွေ၊ သင်တန်းလက်မှတ်တွေ ပေးနိုင်ဖို့ ဝန်ကြီးဌာနဖွဲ့ဖို့အထိ ရည်ရွယ်ထားပါတယ်။ ဒါက ကျွန်တော့်အိပ်မက်ပါ။ ဒါဆိုရင်တော့ ကျွန်တော့်အနေနဲ့မှော်ပညာရပ်တွေအပြင် မှော်ရုပ်ရှင်တို့ မှော်နဲ့ပတ်သက်တဲ့ စာအုပ်တို့အထိ ထုတ်လုပ်နိုင်မှာပါ။” လို့ သူရအောင်ထက်က ပြောပါတယ်။

တကယ်တော့ မှော်ပညာဆိုတာ စိတ်ကူးယဉ်ရုပ်ရှင်ဇာတ်လမ်းတွေမှာပဲ ရှိပြီး ပြင်ပလက်တွေ့ဘဝမှာ မဖြစ်နိုင်ဘူးလို့ လူအများစုက ထင်မြင်ယူဆကြပါတယ်။ တကယ်လို့ သင်က မှော်ပညာကို မယုံဘူးဆိုရင်တော့ မြန်မာ ဟယ်ရီပေါ်တာဆီမှာ ဆက်သွယ်ပြီး မှော်ပညာတွေကို သင်ကြားလို့ရနေပါပြီ…………။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required