ရီယိုအိုလံပစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်ရန် သမ္မတရာထူးမှ ဆိုင်းငံ့ခံထားရသော ရူးဆက်ဖ် ငြင်းဆို

ရီယိုအိုလံပစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်ရန် သမ္မတရာထူးမှ ဆိုင်းငံ့ခံထားရသော ရူးဆက်ဖ် ငြင်းဆို

ဇူလိုင် ၂၇ ။              ။ ဘရာဇီး နိုင်ငံတွင် မကြာမီ ကျင်းပတော့မည့် ၂၀၁၆ ရီယိုအိုလံပစ်အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည်မဟုတ်ကြောင်း ရာထူးမှ ယာယီဆိုင်းငံ့ခံထားရသည့် ဘရာဇီးသမ္မတ ဒီလ်မာ ရူးဆက်ဖ်က ပြောကြားလိုက်သည်။

မာရာကာနာ အားကစားကွင်းကြီး၌ ကျင်းပမည့် အခမ်းအနားသို့ နိုင်ငံ၏  ဒုတိယအဆင့်သာရှိမည့် အကြီးအကဲပုဂ္ဂိုလ်တစ်ဦးအနေဖြင့် တက်ရောက်လိုသည့် ဆန္ဒမရှိခြင်းကြောင့် ယခုကဲ့သို့ ငြင်းဆန်ခဲ့ခြင်းဖြစ်ကြောင်း မစ္စ ရူးဆက်ဖ်က ပြောသည်။

သူမအနေဖြင့် လက်ရှိ ကြားဖြတ် သမ္မတဖြစ်နေသော မိုက်ကယ် တီမာနှင့် တစ်တန်းတည်းကပ်လျက် အတူထိုင်ခွင့်ရမည်မဟုတ်ပဲ လက်ရှိ သမ္မတထက်နိမ့်သော ခုံတွင်သာ ထိုင်ရမည်ဖြစ်ကြောင်း တီမာ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောထားသည်။

လက်ရှိအချိန်တွင် ခြစားမှု စွဲချက်များဖြင့် စွပ်စွဲပြစ်တင်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်၍ ရူးဆက်ဖ်မှာ သမ္မတရာထူးမှ ခေတ္တဆိုင်းငံ့ခံထားရပြီး ဒုသမ္မတဖြစ်သော မိုက်ကယ်တီမာက ကြားဖြတ်သမ္မတအဖြစ် တာဝန်ယူထားသည်။

အကယ်၍ စွပ်စွဲပြစ်တင်မှုတွင်သာ ရှုံးနိမ့်သွားခဲ့မည်ဆိုပါက ရူးဆက်ဖ်မှာ ရာထူးမှ တရားဝင်ဖယ်ရှားခံရတော့မည့်အရေးနှင့် ရင်ဆိုင်နေရသည်။

အိုလံပစ် အခမ်းအနားတွင် အကယ်၍ မိုက်ကယ်တီမာနှင့် ဒီလ်မာ ရူးဆက်ဖ်တို့ နှစ်ဦးစလုံး တက်ရောက်လာခဲ့မည်ဆိုပါက နိုင်ငံခြား သံတမန်အကြီးအကဲများအတွက် ကသိကအောက်ဖြစ်လာနိုင်စရာ ရှိသည်ဟုလည်း သံတမန်အသိုင်းအဝိုင်းတွင် ပြောဆိုနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required