လိဂ်ပွဲစဉ် (၁၄) တွင် လက်ရှိချန်ပီယံရန်ကုန်အသင်း အိမ်ကွင်းနှစ်ပွဲဆက် ရှုံးနိမ့်

လိဂ်ပွဲစဉ် (၁၄) တွင် လက်ရှိချန်ပီယံရန်ကုန်အသင်း အိမ်ကွင်းနှစ်ပွဲဆက် ရှုံးနိမ့်
ရှမ်းအသင်းအား ရှုံးနိမ့်ပြီးနောက် စိတ်ဓာတ်ကျနေသည့် ရန်ကုန်အသင်းသားများအား တွေ့ရစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

ဇွန် ၂၀ ၊ ရန်ကုန် ။              ။ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၁၄ တွင် လက်ရှိချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းသည် ရှမ်းအသင်းကို အိမ်ကွင်း၌ ၂ - ၀ ဂိုးဖြင့်  ရှုံးနိမ့်ကာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံး အိမ်ကွင်းနှစ်ပွဲဆက်ရှုံးပွဲ ကြုံခဲ့ရသည်။

အဆိုပါပွဲတွင် ရန်ကုန်အသင်းနှင့် ရှမ်းအသင်းတို့သည် တစ်ဖက်နှင့်တစ်ဖက် အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပြီး ရှမ်းအသင်းမှ ရန်နိုင်ဦး၊ ဂတ်စတာဗို တို့၏ သွင်းဂိုးများကြောင့် ပွဲအပြီးတွင် နှစ်ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည်။

ရန်ကုန်အသင်းမှာ ပြီးခဲ့သည့် ရတနာပုံနှင့် ရှုံးပွဲအပါအဝင် အိမ်ကွင်းနှစ်ပွဲဆက် ရှုံးနိမ့်ခဲ့ပြီးအမှတ်ပေးဇယားထိပ်ဆုံးမှ ရတနာပုံနှင့် ၁၆ မှတ်အထိ ကွာဟခဲ့သည်။
အမှတ်ပေးဇယားထိပ်ဆုံးမှ ရတနာပုံအသင်းမှာမူ အိမ်ကွင်းဗထူးကွင်းတွင် ဟော်ရဇွန်အသင်းအား ခြေစွမ်းအသာဖြင့် ယှဉ်ပြိုင်ကစားခဲ့ပြီး လူငယ်တိုက်စစ်မှူး ဝင်းနိုင်စိုး၏ ဟက်ထရစ်သွင်းဂိုးဖြင့် သုံးဂိုးပြတ် အနိုင်ရခဲ့သည်။ အခြားပွဲစဉ်များတွင် ဇေယျာရွှေမြေအသင်းက အိမ်ကွင်းမုံရွာကွင်းတွင် ဆောက်သမ်းအသင်းအား ၁-၀ ဖြင့် အနိုင်ရခဲ့သလို ဇွဲကပင်အသင်းကလည်း ရခိုင်အသင်းအား ၂-၁၊ မကွေးအသင်းက ချင်းယူနိုက်တက်အသင်းအား ၃-၀ တို့ဖြင့် အသီးသီးအနိုင်ရခဲ့သည်။

ကျန်ပွဲစဉ်တွင် ဟံသာဝတီယူနိုက်တက်အသင်းသည် အိမ်ကွင်းတောင်ငူကွင်း ဒုတိယမြောက်ပွဲစဉ်အဖြစ် ဧရာဝတီအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး တစ်ဂိုးစီသရေဖြင့်သာ ပြီးဆုံးခဲ့သည်။
၂၀၁၆ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၄ ကစားပြီးချိန်၌ ရတနာပုံအသင်းက ၁၂ ပွဲနိုင် နှစ်ပွဲသရေ ရှုံးပွဲမရှိ ရလဒ်ဖြင့် ရမှတ် ၃၈ မှတ် ရရှိကာ အမှတ်ပေးဇယားထိပ်ဆုံးတွင် ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယနေရာမှ ရန်ကုန်အသင်းအား ၁၆ မှတ်အထိ ဖြတ်ထားနိုင်ခဲ့သည်။

ဒုတိယနေရာတွင် ရန်ကုန်အသင်းသည် ရမှတ် ၂၂ မှတ်ဂိုးကွာခြားချက်အသာဖြင့် ရပ်တည်ထားပြီး တတိယနှင့် စတုတ္ထနေရာတို့တွင် ဟံသာဝတီနှင့် မကွေးအသင်းတို့ အသီးသီးရပ်တည်ထားနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required