ဟယ်ရီပေါ်တာပြဇာတ်တွင် ဇီးကွက်အစစ်များ အသုံးပြုတော့မည် မဟုတ်

ဟယ်ရီပေါ်တာပြဇာတ်တွင် ဇီးကွက်အစစ်များ အသုံးပြုတော့မည် မဟုတ်

နယူးယော့ခ်၊ ဇွန် ၁၀ ။          ။ လန်ဒန်မြို့တွင် ကပြဖျော်ဖြေနေသော ဟယ်ရီပေါ်တာပြဇာတ်သစ် ဖျော်ဖြေတင်ဆက်မှုတွင် ဇီးကွက်များကို အသုံးပြုတော့မည် မဟုတ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဇွန် ၇ရက်က ဟယ်ရီပေါ်တာ ပြဇာတ်ပထမပိုင်းကို ဖျော်ဖြေတင်ဆက်နေစဉ် ဇီးကွက်တစ်ကောင်သည် ပရိတ်သတ်များထိုင်သော နေရာဘက်သို့ ပျံသန်းလွတ်မြောက်သွားသည့် ဖြစ်ရပ်ဖြစ်ပွားခဲ့ပြီးနောက် ဇီးကွက်များကို အသုံးပြုတော့မည် မဟုတ်ဟု ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်။

ပြဇာတ်က ပြဖျော်ဖြေနေစဉ် ပျံသန်းမှုတစ်ခုကို ပြုလုပ်ပြီးနောက်  ဇီးကွက်သည် ထိန်းကျောင်းသူထံသို့ ပျံလာခဲ့ခြင်းမရှိဘဲ ပရိတ်သတ်များထိုင်သော နေရာဘက်သို့ ပျံသန်းလွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။ “ Harry Potter and the Cursed Child” ပြဇာတ်နှစ်ပိုင်းကို ယခုသီတင်းပတ်က စတင်ကပြ ဖျော်ဖြေခဲ့ခြင်း ဖြစ်သည်။

ဇွန်၉ရက်က ဟယ်ရီပေါ်တာ ပြဇာတ်ဒုတိယပိုင်း ဖျော်ဖြေတင်ဆက်မှုတွင် “ ဖျော်ဖြေမှုမှာ ဖျော်ဖြေတင်ဆက်မယ့် ငှက်တွေဟာ ငှက်အစစ် မဟုတ်ပါဘူး”ဟူသော စာတန်းကို ကပ်ထားကာ ပရိတ်သတ်များကို အသိပေးခဲ့သည်။

“ ပြဇာတ်မှာ ဖျော်ဖြေတင်ဆက်တဲ့ ဇီးကွက်တွေဟာ လက်မှတ်ရသင်တန်းသား သင်တန်းသူတွေနဲ့ ဇီးကွက်တွေကို ကာကွယ်စောင့်ရှောက်မှုတွေနဲ့ပေးနိုင်တဲ့ တိရိစ္ဆာန် အထူးကုဆရားဝန်တွေ ပါဝင်တဲ့ အဖွဲ့က စောင့်ရှောက်မှုတွေ ပေးထားတဲ့ ဇီးကွက်တွေဖြစ်တယ်”ဟု ပြဇာတ်ထုတ်လုပ်သူကိုယ်စား ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

“  ယခုသီတင်းပတ် အစောပိုင်းက  ဇီးကွက်တစ်ကောင် ပျံသန်းလွတ်မြောက်တဲ့ ဖြစ်ရပ် ဖြစ်ပွားပြီးတဲ့နောက်မှာတော့ ပြဇာတ်မှာ ဇီးကွက်အစစ်တွေကို အသုံးမပြုတော့ဘူးလို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်”ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly