အိန္ဒိယထောင်တွင် ငါးနှစ်ခန့် ဖမ်းခံထားရသည့် မြန်မာရေလုပ်သား ၁၀၀ကျော် ပြန်ရောက်

အိန္ဒိယထောင်တွင် ငါးနှစ်ခန့် ဖမ်းခံထားရသည့် မြန်မာရေလုပ်သား ၁၀၀ကျော် ပြန်ရောက်

အိန္ဒိယရေပိုင်နက်တွင် ဖမ်းဆီးခံရပြီး၊ အိန္ဒိယနိုင်ငံ၊ ပိုးဘလဲအကျဉ်းထောင်တွင် ဖမ်းခံရသည့် မြန်မာရေလုပ်သား ၂၄၉ ဦးအနက် ၁၂၉ ဦးအား နေရပ်သို့ ပြန်ခေါ်လာနိုင်ပြီဖြစ်ကြောင်း အစိုးရသတင်းစာက မေ ၃၁ ရက်၌ ဖော်ပြသည်။

အိန္ဒိယအာဏာပိုင်များနှင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် ပထမသုတ်အဖြစ် ယခုတံငါသည်များအား မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခြင်းဖြစ်သည်။

၎င်းတို့က မေ ၃၀ ရက်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြောင်း၊ ကျန်ရှိသူများကို စင်းလုံးငှားလေယာဉ်ဖြင့် ဇွန် ၂ ရက်နေ့တွင် ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြသည်။

၎င်းတို့အနက် ၄၃ဦးမှာ ဧရာဝတီတိုင်း ပုသိမ် နှင့် ငပုတောမှ ဖြစ်ပြီး ၎င်းတို့ကို မေ ၃၁ရက် ညတွင် ပုသိမ်သို့ ပြန်လည်ခေါ်ဆောင်လာပြီး ပုသိမ်မြို့ မြို့တော်ခန်းမတွင် ရေလုပ်သားများ ပြန်လည်ကြိုဆိုပွဲ ကျင်းပပေးခဲ့သည်။ ရေလုပ်သားများကို ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးပြီး ထောက်ပံ့ငွေ တစ်ဦးလျှင် ကျပ်တစ်သောင်း ထောက်ပံ့ပေးခဲ့သည်။

ကျန်ရှိသူများမှာလည်း ဇွန်လ၆ရက်တွင် ပုသိမ်မြို့သို့ပြန်လည်ရောက်ရှိနိုင်ကြောင်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး တိုင်းဦးစီးဦးသန်းစိုးက ပြောသည်။

အဆိုပါ မြန်မာတံငါသည်များသည် မုန်တိုင်းကြုံကာ အင်ဂျင်ချို့ယွင်းမှုကြောင့် အိန္ဒိယရေပိုင်နက်အတွင်းသို့ မျောပါသွားစဉ် အိန္ဒိယရေတပ်က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

Ref: ဆင်ဟွာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required