ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းရင်းသားများအတွက် မူဝါဒ ထည့်သွင်းနိုင်ရန် ဆွေးနွေးနေ

ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းရင်းသားများအတွက် မူဝါဒ ထည့်သွင်းနိုင်ရန် ဆွေးနွေးနေ

ချင်းမိုင်၊ မေ ၃၀ ။              ။ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရာတွင် လိုအပ်သည့် နိုင်ငံရေးဆိုင်ရာ မူဘောင်ရေးဆွဲရေး နှင့်ပတ်သက်သည့် မူဝါဒများ ချပြနိုင်ရန် အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် တိုင်းရင်းသားအဖွဲ့များက ကျင်းပနေသည်။

မေလ ၂၉ ရက်မှ ၃၀ ရက်များတွင် နှစ်ရက်ကြာ ကျင်းပနေခြင်း ဖြစ်ပြီး လာမည့် ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းရင်းသားများဖြင့် မူဝါဒ ထည့်သွင်းပါဝင်နိုင်ရန် ရည်ရွယ်၍ မူကြမ်းတစ်ခု ထွက်ရှိရေး ဆွေးနွေးနေကြခြင်းဖြစ်သည်။

“နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာရင် ကျနော်တို့ ကဏ္ဍအလိုက် ပေါ်လစီပိုင်း မူကြမ်းလေးတွေကို ညှိနှိုင်းသုံးသပ်နေကြတာ။ ဒီမူကြမ်းတွေကိုလည်း ကျနော်တို့ တစ်နှစ်ကျော်ကျော် အလုပ်ရုံ ဆွေးနွေးပွဲတွေ လုပ်ပြီးတော့ အဲဒီကနေရလာတဲ့ အခြေခံမူကြမ်းသဘောတွေကို ကျနော်တို့ ထုတ်နုတ်တာပါ”ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)၏ အတွင်းရေးမှူး ခူဦးရယ်က ပြောသည်။

ယခင်အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်မထိုးသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ပြည်တွင်းမှ တိုင်းရင်းသားနိုင်ငံရေးပါတီများများ၊ ပြည်တွင်းပြည်ပ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ပညာရှင်များနှင့် ပေါင်းစပ်၍ တစ်နှစ်ကျောက်ကြာ ပြုစုခဲ့သော မူကြမ်းဖြစ်သည်ဟု သူက ပြောသည်။

တိုင်းရင်းသားများ၏ မူကြမ်းတွင် ပညာရေး၊ ကျန်းမာရေး၊ လယ်ယာမြေ၊ အခွန်ကောက်၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ၊ သဘာဝ သယံဇာတနှင့် ဒုက္ခသည်များအရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စသည့် မူဝါဒ ၉ ခုကို ဆွေးနွေးခဲ့ပြီး ယခုတစ်ကြိမ် ဆွေးနွေးမှုသည် ဘုံသဘောတူညီမှုတစ်ခု ချမှတ်ရန် အပြီးသတ်သော ဆွေးနွေးနေခြင်း ဖြစ်သည်ဟု ခူဦးရယ်က ပြောသည်။

“ကျနော်တို့ ပြန်လည် ပြီးတော့အဆုံးသတ်တာတော့ ဖြစ်တယ်။ သို့သော် ဒီဟာကို ဘယ်လို ရည်ရွယ်ထားလည်းဆိုတော့ လာမည့် ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ ပါဝင်သွားဖို့အတွက် လိုအပ်တဲ့ မူသဘောဆောင်တဲ့ အကြောင်း အရာတွေကို ဖွဲ့စည်းပုံထဲမှာ ထည့်သွင်းပါဝင်သွားဖို့အတွက် မူကြမ်းပဲဖြစ်မယ်”ဟု သူက ပြောသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်တွင်းမှ စည်းလုံးညီညွတ်သောလူမျိုးများ မဟာမိတ်အဖွဲ့ချုပ်(UNA)မှ ကိုယ်စာလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များ၊ ပြည်တွင်းပြည်ပ အရပ်ဘက် အဖွဲ့အစည်းများ အပါအဝင် ၃၀ ကျော်မှ ကိုယ်စားလှယ်ပေါင်း ၆၀ ကျော် တက်ရောက်ဆွေးနွေးနေခြင်း ဖြစ်သည်။

၎င်းဆွေးနွေးပွဲကို တိုင်းရင်းသား လူမျိုးများ ရေးရာစင်တာ (ပြည်ထောင်စု မြန်မာနိုင်ငံ)-The Ethnic Nationlities Affairs Center-ENAC)က ကမကထ ပြုလုပ်ကျင်းပခြင်းဖြစ်သည်။

ENAC သည် ၂၀၁၃ ခုနှစ် ဇူလိုင်လက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အထောက်အကူဖြစ်စေရန်အတွက် မူဝါဒဆိုင်ရာ အချက်အလက်များ စုဆောင်းနေသော အဖွဲ့အစည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required