လိုင်စင်မဲ့ယာဉ် နယ်စပ်မှ တင်သွင်းမှုကို ထိထိရောက်ရောက် အရေးယူတော့မည်

လိုင်စင်မဲ့ယာဉ် နယ်စပ်မှ တင်သွင်းမှုကို ထိထိရောက်ရောက် အရေးယူတော့မည်

နေပြည်တော်၊ မေ ၂၇ ။                    ။ နယ်စပ်မှ တရားမဝင်နည်းလမ်းဖြင့် လိုင်စင်မဲ့ယာဉ်များ တင်သွင်းမှုကို ထိထိရောက်ရောက် အရေးယူသွားမည်ဟု ပို့ဆောင်ရေး နှင့် ဆယ်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင်က ပြောကြားလိုက်သည်။

"ဥပဒေကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်ကျူးလွန်သူများကိုလည်း ထိရောက်ဟန့်တားသည့် ပြစ်ဒဏ်များ ချမှတ်အရေးယူမည်" ဟု ဦးသန့်ဇင်မောင်က ပြောသည်။

နယ်စပ်ဒေသဝင်ပေါက်များမှ လိုင်စင်မဲ့ယာဉ်များ ထပ်မံဝင်ရောက်မလာနိုင်စေရန် ဌာနစုံ ပူးပေါင်းအဖွဲ့များကိုလည်း ဖွဲ့စည်းကာ တင်းတင်းကြပ်ကြပ် တားမြစ်ဖမ်းဆီးမည်ဟု ဆိုသည်။

ယင်းအပြင် ပြည်တွင်း၌ နည်းလမ်းမျိုးစုံဖြင့် ရောက်ရှိနေသည့် တရားမဝင် မော်တော်ယာဉ်များကိုလည်း လိုင်စင် ထုတ်ပေးမှာ မဟုတ်ဘူးလို့ ၎င်းက ပြောကြားခဲ့သေးသည်။

ပြည်သူအချို့ ဝယ်ယူပိုင်ဆိုင်ထားသော တရားမဝင်လိုင်စင်မဲ့ မော်တော်ယာဉ်များအား သင့်တော်သည့်နည်းလမ်း တစ်မျိုးမျိုးဖြင့် တရားဝင်လိုင်စင်ရေအောင် ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၅) မှ အမျိုးသားလွှတ်တော်အမတ် ဦးစိုင်းသန်းနိုင်က အမျိုးသားလွှတ်တော်တွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။

ယင်းအမေးကို ဝန်ကြီးက "တရားဝင်လိုင်စင်ရရှိအောင် ဆောင်ရွက်ပေးရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်" ဟု ပြောကြားခဲ့သည်။

လိုင်စင်မဲ့ယာဉ်များ လိုင်စင်ရရှိအောင် ဆောင်ရွက်ပါက တရားဝင်တင်သွင်းလာသော ယာဉ်ပိုင်ရှင်များ နစ်နာမှုရှိခြင်း၊ Sale Centre များ၊ Show Room များ ထိခိုက်လာနိုင်သဖြင့် ကန့်ကွက်မှုများဖြစ်ပေါ်လာနိုင်ခြင်း ၊ ပြည်တွင်းကားဈေးကွက် ကမောက်ကမ ဖြစ်နိုင်ခြင်း၊ တည်ဆဲဥပဒေ၊ နည်းဥပဒေများကို ဖောက်ဖျက်ကျော်လွန်သည့် အခြေအနေတို့ဖြစ်ပေါ်လာနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ရှင်းပြသည်။

ပြည်တွင်း၌ ရောက်ရှိနေသော တရားမဝင်လိုင်စင်မဲ့ယာဉ်များအား အာဏာပိုင်အဖွဲ့အစည်းများမှ စီမံချက်များချမှတ်ပြီး ဖမ်းဆီးအရေးယူသည့်နည်းဖြင့် တရားမဝင်လမ်းကြောင်းမှ ယာဉ်များထပ်မံဝင်ရောက် ခြင်းမရှိစေရန် ထိန်းချုပ်ဟန့်တားမည်ဟု ပြည်ထောင်စုဝန်ကြီးကဆိုသည်။

ယခင်နယက အစိုးရလက်ထက် (၃၀.၆.၂၀၁၀) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကုန်သွယ်မူဝါဒ ကောင်စီ အစည်းအဝေး အမှတ်စဉ် (၂၀/၂၀၁၀) မှ ယာဉ်ကာလတန်ဖိုး၏ ၈၅% ပေးဆောင်စေ၍ တရားဝင်ယာဉ်အဖြစ် မှတ်ပုံတင်ဆောင်ရွက်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required