မန်ယူမှ ခေါ်ယူမည့် ရီနာတိုဆန်းချက်စ်ကို ဘိုင်ယန် ကြားဖြတ်ခေါ်ယူ

မန်ယူမှ ခေါ်ယူမည့် ရီနာတိုဆန်းချက်စ်ကို ဘိုင်ယန် ကြားဖြတ်ခေါ်ယူ

မေ ၁၁၊ မြူးနစ် ။          ။ ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းသည် မန်ယူအသင်းက ခေါ်ယူရန် ကြိုးပမ်းနေသည့် ဘင်ဖီကာကွင်းလယ်ကစားသမား ရီနာတိုဆန်းချက်စ်ကို ကြားဖြတ် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

အသက် ၁၈ နှစ်အရွယ်သာရှိသေးသည် ရီနာတိုဆန်းချက်စ်သည် ပြီးခဲ့သည့် တနင်္လာနေ့က ဆေးစစ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ဘိုင်ယန်အသင်းနှင့် ငါးနှစ်သက်တမ်းစာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့် ပထမပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၂၈ သန်း ပေးချေမည်ဖြစ်ပြီး အခြေအနေအရ ပြောင်းရွှေ့ကြေးမှာ ပေါင် ၆၃ သန်းအထိ မြင့်တက်သွားနိုင်ဖွယ်ရှိနေသည်ဟု သတင်းများက ဆိုသည်။ အောင်မြင်မှုအပေါ်တွင် မူတည်၍ အပိုဆုကြေးငွေလည်း ပေးချေရဦးမည် ဖြစ်သည်။

'ရီနာတိုဆန်းချက်စ်ကို ဘိုင်ယန်မြူးနစ်အသင်းက သတိထားစောင့်ကြည့်နေတာ ကြာပါပြီ။ သူ့ကို ခေါ်ယူနိုင်ခဲ့တာ ကျွန်တော်တို့ ကံကောင်းပါတယ်' ဟု ဘိုင်ယန်အသင်း၏ အမှုဆောင်အရာရှိချုပ် ရူမန်နစ်ဂီက ပြောသည်။

ဆန်းချက်စ်သည် ယခုနှစ်ရာသီတွင်မှ ဘင်ဖီကာအသင်းကြီးသို့ ခေါ်ယူခံရသူဖြစ်ပြီး ၃၄ ပွဲကစားကာ ၂ ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ပေါ်တူဂီလက်ရွေးစင်အသင်းကြီးတွင် နှစ်ပွဲ ပါဝင်ကစားခဲ့ပြီးသူလည်း ဖြစ်သည်။ ရီနာတိုဆန်းချက်စ်သည် ကြံ့ခိုင်သန်စွမ်းပြီး တစ်ကွင်းလုံးအနှံ့ပြေးလွှားကစားနိုင်သည့် ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required