နည်းပညာအခက်အခဲနှင့် စျေးကွက်ဝယ်လိုအား ပြဿနာဖြေရှင်းနိုင်ရန် ရခိုင်ဆားလုပ်ငန်းရှင်များ ဆွေးနွေး

နည်းပညာအခက်အခဲနှင့် စျေးကွက်ဝယ်လိုအား ပြဿနာဖြေရှင်းနိုင်ရန် ရခိုင်ဆားလုပ်ငန်းရှင်များ ဆွေးနွေး
ရခိုင်ပြည်နယ် ဆားလုပ်ငန်း ပိုမိုကောင်းမွန်လာစေရေး ဆွေးနွေး (ဓာတ်ပုံ - ကျော်မင်း/မဇ္ဈိမ)

ကျော်မင်း (စစ်တွေ) ၊ မေ ၉ ။            ။   ပြည်ပဈေးကွက် ဝယ်လိုအား မရှိခြင်း၊ သိုလှောင်ထိန်းသိမ်းထားရန် နည်းပညာ မရှိခြင်းတို့ကြောင့် ဆားထုတ်လုပ်မှုများမှာ ကျဆင်းလာကြောင်း ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်း၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ပြဿနာများကို ဖြေရှင်းနိုင်ရန် စစ်တွေ၊ ပေါက်တော၊ မောင်တော အစရှိသည့် ရခိုင်ပြည်နယ်အတွင်း ဆားထုတ်လုပ်သူများပါဝင်သည့် ဆွေးနွေးပွဲတစ်ရပ်ကို ယမန်နေ့ မေ ၈ ရက် တနင်္ဂနွေနေ့က စစ်တွေမြို့၊ ဦးဥတ္တမခန်းမတွင် ပြုလုပ်ခဲ့သည်။

" ဈေးကွက်မရှိတာကြောင့် ဆားတွေကို သိုလှောင်ထားတာ ၅ နှစ်လောက် ရှိနေပါပြီ။ ဒါ့အပြင် ထိန်းသိမ်းမှုနည်းပညာအခက်အခဲတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့အနေနဲ့ ဈေးကွက် ခိုင်ခိုင်မာမာ တစ်ခုကို ရရှိလာမယ်၊ ထိန်းသိမ်းမှု နည်းပညာအဆင့်မြင့်မှုတွေကို အသုံးချလာနိုင်မယ်ဆိုရင် ရခိုင်ပြည်နယ် ဆားထုတ်လုပ်မှုကို ဒီထက် ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ဖို့ အစီအစဉ်ရှိပါတယ်" ဟု ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်း၏ အတွင်းရေးမှူး ဦးသန်းဝင်းက မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ်က ထုတ်လုပ်သည့် ဆားကို အဓိက ဝယ်ယူသည့် နိုင်ငံမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် ကုန်သွယ်မှုကို ရပ်ဆိုင်းခံခဲ့ရသည့်အပြင် ထိန်းသိမ်းမှု နည်းပညာအခက်အခဲများကြောင့် သိုလှောင်ဆားများမှာ ဆုံးရှုံးခဲ့ရကြောင်း ဆားလုပ်ငန်းရှင်များက ပြောသည်။

ရခိုင်ပြည်နယ် ဆားထုတ်လုပ်သူများ လက်ရှိ ရင်ဆိုင်နေရသည့် နည်းပညာအခက်အခဲနှင့် ဈေးကွက် ဝယ်လိုအားတွင် ရခိုင်ဆား တင်သွင်းလာနိုင်ရေးအတွက် PUM Netherlands Senior Experts က ကူညီရန် အသင့်ရှိကြောင်း ဒုတိယဒါရိုက်တာ ဒေါ်မူမူအေးက ပြောသည်။

"ကျွန်မတို့ ကိုယ့်ရဲ့ လုပ်ငန်းကို ပြောင်းလဲမယ်။ အဲဒီမှာမှ နည်းပညာပိုင်းဆိုင်ရာကို အစိုးရဘက်က ချိတ်ဆက်ပေးပါ။ တခြားဟာတွေ ဈေးကွက်လိုအပ်ချက်တွေကိုတော့ ကျမတို့ဘက်က တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမှာပါ"

ရခိုင်ပြည်နယ်တွင် ဆားထုတ်လုပ်နိုင်သည့် စက် ၂၂ လုံး ရှိပြီး တစ်နှစ်လျှင် တန်ချိန် ၁၈၅၀၀ ထိ ထုတ်လုပ်နိုင်ပြီး ဒေသတွင်း ဆားထုတ်လုပ်မှု လုပ်ငန်းမှာ ပြန်လည်ဦးမော့လာပါက လူဦးရေ ၆၀၀၀၀ ခန့်၏ အလုပ်လက်မဲ့ ပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်းမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required