မဲခေါင်-ဂျပန် ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ ယူ-၁၅ အသင်း အဆင့် ခြောက်နေရာ ရရှိ

မဲခေါင်-ဂျပန် ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ ယူ-၁၅ အသင်း အဆင့် ခြောက်နေရာ ရရှိ
မဲခေါင်-ဂျပန်ဖိတ်ခေါ်ပြိုင်ပွဲတွင် အဆင့် ခြောက်ရခဲ့သော မြန်မာယူ-၁၅အသင်း။

ဇူလိုင် ၃၊ ရန်ကုန်။     ။ ဂျပန်နိုင်ငံအိုဆာကာမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၅ ဂျပန်- မဲခေါင် ယူ-၁၅ ဘောလုံးပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် ယူ-၁၅ အသင်းသည် ပဉ္စမနေရာလုပွဲ၌ ဂျပန်ကလပ် ကိုဘေးအသင်းကို ၂-၁ ဖြင့် ရှုံးနိမ့်ကာ အဆင့်ခြောက်နေရာသာ ရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ဂျပန် ယူ-၁၅ အသင်းက ဗိုလ်လုပွဲ၌ ဟီရိုရှီးမားကလပ် ယူ-၁၅ အသင်းကို ၂-၀ အဖြင့် အနိုင်ရကာ ဗိုလ်စွဲနိုင်ခဲ့ သည်။ ယင်းပြိုင်ပွဲသည် မဲခေါင် ဒေသတွင်းနိုင်ငံများ အပါအဝင် အာရှ နိုင်ငံများ အတွင်းရှိ ကလေးငယ် များ၏ ဘောလုံးအဆင့် အတန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဂျပန်နိုင်ငံနှင့် မဲခေါင် ဒေသတွင်းနိုင်ငံများ အကြား ချစ်ကြည် ရင်းနှီးမှု အတွက် ကျင်းပခြင်းဖြစ် သည်။

မြန်မာ့လက်ရွေးစင် ယူ-၁၅ အသင်းသည် လက်ရှိတွင် နည်းပြချုပ်အဖြစ် ဦးတင်မောင်ဝင်း၊ လက်ထောက်နည်းပြအဖြစ် ဦးရဲဝင့်သူ တို့က တာဝန်ယူကိုင်တွယ်လျက်ရှိပြီး ကစားသမားများအဖြစ် ထက်ဝေလျံစိုး၊ အောင်မြင့်မြတ်၊ အောင်ဝဏ္ဏစိုး၊ မြင့်မြတ်သူ ၊ အောင်အောင်ဇင်၊ ပြည့်ဖြိုးမောင်၊ ဘိုဘိုအောင်၊ သက်ပိုင်ထွေး၊ မြတ်ကောင်းခန့်၊ သီဟဇော်၊ ပြည့်စုံနိုင်၊ ထွန်းဆိုင်၊ ထက်ဖြိုးဝေ၊ ဟိန်းထက်အောင်၊ ဝင်းနိုင်ထွန်း၊ သက်ပိုင်ထူး၊ ကျော်ကျော်ထက် တို့ သွားရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

မြန်မာ ယူ-၁၅ အသင်းသည် မဲခေါင်-ဂျပန် ယူ-၁၅ ပြိုင်ပွဲတွင် လေးပွဲယှဉ်ပြိုင်ကစားကာ တစ်ပွဲနိုင် တစ်ပွဲသရေ နှစ်ပွဲရှုံး ရလဒ် ရရှိရန် စွမ်းဆောင်နိုင်ခဲ့သည်။
 
မဲခေါင်- ဂျပန် ယူ-၁၅ ပြိုင်ပွဲ ပွဲစဉ်များအားလုံးပြီးဆုံးချိန်၌ ဂျပန် ယူ-၁၅ အသင်းက အဆင့် တစ်၊ ဟီရိုရှီးမားကလပ်အသင်းက အဆင့် နှစ်၊ ဗီယက်နမ်အသင်းက အဆင့် သုံး၊ လာအိုအသင်းက အဆင့် လေး၊ ကိုဘေးကလပ်အသင်းက အဆင့် ငါး၊ မြန်မာအသင်းက အဆင့် ခြောက်၊ ထိုင်းအသင်းက အဆင့် ခုနစ်၊ ကမ္ဘောဒီးယားအသင်းက အဆင့် ရှစ် နေရာတို့တွင် အသီးသီးရပ်တည်နိုင်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required