ရနောင်း SIFCO ကုမ္ပဏီတွင် အလုပ်လုပ်သည့် မြန်မာရွှေ့ပြောင်းလုပ်သားများ ကားတိုက်ခံရပြီး အမျိုးသမီး ၄ဦးသေဆုံး

ရနောင်း SIFCO ကုမ္ပဏီတွင် အလုပ်လုပ်သည့် မြန်မာရွှေ့ပြောင်းလုပ်သားများ ကားတိုက်ခံရပြီး အမျိုးသမီး ၄ဦးသေဆုံး

ချင်းမိုင်၊ ဧပြီ ၃၀ ။               ။ ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့ စဖန်ပလားလမ်း SIFCO ကုမ္ပဏီတွင် အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အလုပ်သွားရန် ကားစောင့်နေစဉ် ကားတိုက်ခံရမှုကြောင့် အမျိုးသမီး ၄ ဦးသေဆုံးကာ ၈ ဦး ဒဏ်ရာဖြင့် ဆေးကုသမှုခံယူနေဆဲ ဖြစ်သည်ဟု သိရသည်။

ထိုမြန်မာရွှေ့ပြောင်းအလုပ်သမားများသည် အလုပ်မှခေါ်မည့် ကားကို စောင့်ဆိုင်းနေချိန် သစ်သီးများ တင်ထားသော ဟိုင်းလပ်ကားက ဘရိတ်ပေါက်ကာ ၎င်းတို့ကို ဝင်တိုက်သွားခဲ့ခြင်း   ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ တာဝန်ခံ ကိုဟိန်းထက်က ပြောသည်။

“မနက် ၆ နာရီခွဲလောက်မှာ စီကိုဆိုတဲ့ ကုမ္ပဏီကို သွားဖို့အတွက် မြန်မာအလုပ်သမားတွေ စောင့်နေချိန်မှာ ကားတစ်စီးက အရှိန်နဲ့ ဝင်တိုက်သွားတယ်။ အားလုံးက ၁၄ ဦး၊ ၃ ဦးက ပွဲချင်းပြီး နေရာတင်ပဲ ဆုံးသွားတယ်။ ၁၁ ဦးကို ဆေးရုံတင်တယ်၊ ၁ ဦး ထပ်ဆုံးတယ်။ ၂ ဦးကတော့ အိုင်စီယူခန်းထဲမှာ ရှိတယ်။ ဒဏ်ရာရသူ ၇ ဦးထဲမှာလည်း ၂ ဦး ဒီနေ့ ခွဲခန်းဝင်မယ်ဆိုတော့ စိုးရိမ်ရတယ်”ဟု သူက   ပြောသည်။

SIFCO ကုမ္ပဏီတွင် အလုပ်လုပ်သူများထဲ၌ မြန်မာရွှေ့ပြောင်းလုပ်သားများ အများဆုံးဖြစ်ကာ မြန်မာလုပ်သား ၁၀၀၀ ကျော်ခန့် အလုပ်လုပ်ကိုင်လျက်ရှိသည်။

သေဆုံးသွားသူများသည် တနင်္သာရီတိုင်း ထာဝယ်ခရိုင်မှ လာရောက် အလုပ်လုပ်ကိုင်နေသူများ ဖြစ်ပြီး မဖြူဖြူလွင်(ပြင်းဖြူကြီးကျေးရွာ)၊ ထားဝယ်မြို့ ဝဲကျွန်းဆင်ဆိပ်ရပ်ကွက်မှ မဥမ္မာ၊ ကြက်စားပြင်ရပ်ကွက်မှ မသူဇာ၊ လောင်းလုံးမြို့ ပန်းတပ်အင်း ကျေးရွာမှ မသက်ခိုင်တို့ သေဆုံးခဲ့ခြင်း ဖြစ်သည်။

လက်ရှိ သေဆုံးသူများ၏ အလောင်းကို တရုတ်ဘုံကျောင်းကြီးတွင် ထားရှိကာ ဈာပန အခမ်းအနား ကျင်းပမည် ဖြစ်ကြောင်း၊ ကားသမားမှာ ထိုင်းလူမျိုးဖြစ်ပြီး လက်ရှိ ရနောင်းရဲစခန်းတွင် ဖမ်းဆီးထားသည်ဟု ကိုဟိန်းထက်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required