လိင်ပိုင်းဆိုင်ရာ ဗီဒီယိုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုကြောင့် တိုက်စစ်မှူး ဟွမ်အီဂျိုကို တောင်ကိုရီးယားအသင်းမှ ထုတ်ပယ်

By AFP
29 November 2023
လိင်ပိုင်းဆိုင်ရာ ဗီဒီယိုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုကြောင့် တိုက်စစ်မှူး ဟွမ်အီဂျိုကို တောင်ကိုရီးယားအသင်းမှ ထုတ်ပယ်

ချစ်သူဟောင်းကို တရားမဝင်ရိုက်ကူးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတာကြောင့် အာရှဖလားပြိုင်ပွဲမတိုင်ခင် ခုနစ်ပတ်အလိုမှာ တောင်ကိုရီးယားအသင်းက တိုက်စစ်မှူး ဟွမ်အီဂျိုကို ပွဲကစားခွင့် ဆိုင်းငံ့ထားလိုက်ပါတယ်။

နောဝှစ်ချ်တိုက်စစ်မှူးဟာ ခွင့်ပြုချက်မရှိဘဲ ချစ်သူဟောင်းဖြစ်သူနဲ့အတူ လိင်ပိုင်းဆိုင်ရာ ထိတွေ့မှုတခုကို ၎င်းရဲ့ဖုန်းဖြင့် ရိုက်ကူးခဲ့တယ်လို့ စွပ်စွဲခံရတာပါ။ သူဟာ ဒီစွပ်စွဲချက်ကို ငြင်းဆိုပါတယ်။

ဟွမ်ဟာ အခုလမှာ တောင်ကိုရီးယားအတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲ နှစ်ပွဲ ကစားခဲ့ပြီး စင်ကာပူနဲ့ပွဲမှာ ပင်နယ်တီဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုရလဒ်ကို စောင့်ဆိုင်းရင်း ကိုရီးယားဘောလုံးအဖွဲ့ချုပ် (KFA) က သူ့ကို အင်္ဂါနေ့က ဆိုင်းငံ့ခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိ အဆိုပါကစားသမားဟာ အင်္ဂလန်ဒုတိယတန်းကလပ် နောဝှစ်ချ်အသင်းမှာ ဆက်လက်ကစားနေနိုင်မှာပြီး အင်္ဂါနေ့က ဝက်ဖို့ဒ်ကို ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ တစ်ဂိုးသွင်းခဲ့ပါတယ်။

“တိကျတဲ့ ကောက်ချက်မဆွဲမချင်း ဟွမ်ကို နိုင်ငံအသင်းကနေ ထုတ်ပယ်ဖို့ ကျနော်တို့ ဆုံးဖြတ်ထားပါတယ်”လို့ KFA ထုတ်ပြန်ချက်က ပြောပါတယ်။

KFA ရဲ့ ကျင့်ဝတ်ကော်မတီကို ဦးစီးတဲ့ လီယောင်နမ်က နိုင်ငံအသင်း ကစားသမားတွေဟာ "အကျင့်စာရိတ္တနဲ့ တာဝန်သိစိတ် ရေချိန်မြင့်မားမှုနဲ့အတူ" သူတို့ကိုယ်သူတို့ ကျင့်ကြံပြုမှုရမှာဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

"ကစားသမားကို သံသယရှိသူအဖြစ် စုံစမ်းစစ်ဆေးခံနေရတယ်ဆိုတဲ့အချက်ကို ထည့်သွင်းစဉ်းစားမယ်ဆိုရင် နိုင်ငံအသင်း ပုံမှန်လှုပ်ရှားမှုတွေကို လုပ်ဆောင်ဖို့ သူ့အတွက် ခက်ခဲပါတယ်"လို့ လီက ပြောပါတယ်။

"ဘောလုံးပရိသတ်တွေက နိုင်ငံအသင်းအတွက် မျှော်လင့်ချက်ကြီးကြီးမားမားရှိကြတာမို့ နိုင်ငံအသင်းအတွက် ဟွမ်ယူဂျိုကို ရွေးချယ်ဖို့ မသင့်တော်ဘူးလို့ ကျနော်တို့ ယူဆထားပါတယ်။"

နော်တင်ဟမ် ဖောရက်စ်ကနေ နောဝှစ်ချ်အသင်းမှာ အငှားနဲ့ ရောက်ရှိနေသူ ဟွမ်ဟာ တောင်ကိုရီးယားအသင်းအတွက် ၆၂ ပွဲကစား၊ ၁၉ ဂိုး သွင်းယူထားပါတယ်။

နည်းပြ ဂျာဂန် ကလင်စမန်းက "လက်ရှိ အခြေအနေကို ကျနော် အပြည့်အဝ နားလည်ပြီး ကိုရီးယား ဘောလုံးအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားမှာပါ"လို့ KFA မှ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောပါတယ်။

ဟွမ်ကို ရဲတွေက စတင်စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ကလင်စမန်းဟာ မကြာသေးခင်က ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ စင်ကာပူနဲ့ တရုတ်တို့ကို အနိုင်ရဖို့အတွက် သူ့ကို ရွေးချယ်ခဲ့ပြီး အဲအချိန်က သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ရှန်ကျန်းမှာ တရုတ်အသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရအပြီး ပြန်လည်ရောက်ရှိလာပြီးနောက် ကလင်စမန်းက “ထင်ကြေးတွေကတော့ အမြဲရှိနေပါတယ်”လို့ ပြောပါတယ်။

"ဘာမှ သက်သေမပြနိုင်သေးသရွေ့ .... ကျနော် အဲဒါကို ယုံလို့ မရပါဘူး"

အာရှဖလားပြိုင်ပွဲကို ဇန်နဝါရီ ၁၂ ရက်နေ့ ကာတာမှာ စတင်ကျင်းပမှာဖြစ်ပြီး သုံးရက်အကြာမှာ တောင်ကိုရီးယားအသင်းဟာ ဘာရိန်းအသင်းနဲ့ သူတို့ရဲ့ အဖွင့်ပွဲစဉ်ကို ကစားမှာဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required