မုန်တိုင်းအရှိန်ကြောင့် တိုင်းနှင့်ပြည်နယ် ၃ ခု နေရာကွက်၍ မိုးကြီးနိုင် 

By ရောင်နီ (မဇ္ဈိမ)
28 November 2023
မုန်တိုင်းအရှိန်ကြောင့် တိုင်းနှင့်ပြည်နယ် ၃ ခု နေရာကွက်၍ မိုးကြီးနိုင် 
ပုံအညွှန်း - ယခုနှစ် စက်တင်ဘာလအတွင်း ရန်ကုန်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းနေစဉ်။ (ပုံ - မဇ္စျိမ)

ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တိုင်းနှင့် ပြည်နယ် သုံးခုတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က သတင်းထုတ်ပြန်သည်။ 

နို၀င်ဘာလ ၂၇ ရက်နေ့မှ ဒီဇင်ဘာလ ၃ ရက်နေ့အထိ မိုးလေဝသအခြေအနေကို ထုတ်ပြန်ရာတွင် ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့်  လေဖိအားနည်းရပ်ဝန်းသည် မနက်ဖြန်   နို၀င်ဘာလ ၂၉ ရက်နေ့တွင် မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိနိုင်ကြောင်း ဆိုသည်။ 

အဆိုပါ မုန်တိုင်းငယ်သည် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်ပြီး မြန်မာနိုင်ငံသို့ တိုက်ရိုက်မသက်ရောက်နိုင်သော်လည်း လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းဖြစ်စဥ်များကြောင့်  မြန်မာနိုင်ငံတွင်  နေရာကွက်၍ မိုးရွာနိုင်ကြောင်း MOHADM က သတိပေးထားသည်။ 

အထူးသဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့တွင်  ဒီဇင်ဘာလ ၃ ရက်၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ကြိုတင် အသိပေးထားသည်။ 

စစ်ကောင်စီ၏ မိုးဇလဌာနကလည်း ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ယနေ့ နို၀င်ဘာလ ၂၈ ရက် နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။ 

လက်ရှိအချိန်သည် ဆောင်းရာသီဖြစ်ပြီး မုန်တိုင်းကြောင့် အချိန်အခါမဟုတ်မိုးရွာသွန်းနိုင်၍ စိုက်ပျိုးရေးတောင်သူများ ရာသီဥတုအခြေအနေကိုကြိုတင်သတိပြုကြရန် ရာသီဥတုအရေးလေ့လာသူများကသတိပေးသည်။ 

စာတည်း - အေးချမ်း
#Mizzima
#လေဖိအားနည်းရပ်ဝန်း
#မုန်တိုင်း
#တိုင်းနှင့်ပြည်နယ်သုံးခုမိုးကြီးနိုင်
#MOHADM

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required