မြန်မာနိုင်ငံ မြေမြှုပ်မိုင်း အသုံးပြုမှုတိုးလာနေပြီး ၂ဝ၂၂ ခုနှစ်အတွင်း လူ ၅ဝဝ ကျော် သေဆုံးခဲ့

မြန်မာနိုင်ငံ မြေမြှုပ်မိုင်း အသုံးပြုမှုတိုးလာနေပြီး ၂ဝ၂၂ ခုနှစ်အတွင်း လူ ၅ဝဝ ကျော် သေဆုံးခဲ့

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် လူ ၅ဝဝ ကျော်သေဆုံးခဲ့တယ်လို့ မြေုမြှုပ်မိုင်းအသုံးပြုမှု စောင့်ကြည့်ရေး အဖွဲ့ Landmine Monitor က နိုဝင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြေမြှုပ်မိုင်းအသုံးပြုမှုတွေကို တားဆီးထားပေမဲ့ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားမှာ မိုင်းအသုံးပြုမှုတွေ ရှိနေဆဲဖြစ်ပြီး၊ နောက်ထပ် အသုံးပြုတဲ့ နေရာတွေလည်း တိုးလာနေတယ်လို့ အဆိုပါအစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။

အစီရင်ခံစာ ပြုစုတဲ့ ကာလအတွင်း မှတ်တမ်းတွေအရ မြန်မာလက်နက်ကိုင် တပ်ဖွဲ့တွေက လူသတ်မိုင်းတွေ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲခဲ့တာတွေ့ခဲ့ရပြီး ၁၉၉၉ ခုနှစ်မှာ ပထမဆုံးအကြိမ် အစီရင်ခံစာ ထုတ်ပြန်ချိန်ကစ မြန်မာနိုင်ငံမှာ နောက်ထပ် မိုင်းအသုံးပြုမှုတွေကို တွေ့လာရတယ်လို့လည်း ပြောပါတယ်။

အထူးသဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက် မိုင်းအသုံးပြုမှုတွေ ပိုတွေ့ခဲ့ရပြီး မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်ရေး တာဝါတိုင်တွေ၊ သတ္ထုတူးဖော်ရေး၊ စွမ်းအင်ပိုက်လိုင်း အစရှိတဲ့ အခြေခံအဆောက်အအုံတွေကို မိုင်းခွဲတာတွေ ရှိခဲ့တယ်လို့လည်း ဖော်ပြထားတာပါ။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်း သိမ်းဆည်းရရှိခဲ့တဲ့ မြန်မာစစ်တပ်က ထုတ်လုပ်တဲ့ မိုင်းတွေ၊ လက်နက်ကိုင်အဖွဲ့တွေမှာရှိတဲ့ မိုင်းတွေကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ လူသတ်မိုင်းတွေ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတာ တွေ့နိုင်တယ်လို့လည်း Landmine Monitor အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 တိုင်းရင်းသား ဒေသအများစု အပါအဝင် မြန်မာနိုင်ငံ နေရာတော်တော်များများက မိုင်းအသုံးပြုမှုတွေကို စစ်တပ်နဲ့ လက်နက်ကိုင် အဖွဲ့တွေ ဒေသခံတွေ လက်ချက်ဖြစ်တာ တွေ့ခဲ့ရပြီး ပြီးခဲ့တဲ့နှစ်အတွင်း သေကျေထိခိုက်မှု ၅၀၀ ကျော်ထက်မနည်း ရှိခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာ့နိုင်ငံ ၄၉ ခုနဲ့ တခြားနေရာဒေသ ၂ ခုမှာ မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှုတွေကြောင့် သေဆုံးဒဏ်ရာရသူ စုစုပေါင်းကတော့ ၄၇၁ဝ ဦးရှိတယ်လို့ ဆိုပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ မြန်မာ၊ ရုရှား၊ ယူကရိန်းနိုင်ငံတွေမှာ ပြီးခဲ့တဲ့နှစ်ထဲ လူသတ်မိုင်းတွေ အသုံးပြုခဲ့ကြသလို အနည်းဆုံး နောက်ထပ် ၅ နိုင်ငံမှာ လက်နက်ကိုင် အဖွဲ့တွေက အသုံးပြုခဲ့တာ တွေ့ရတယ်လို့လည်း မြေမြှုပ်မိုင်းအသုံးပြုမှု စောင့်ကြည့်ရေးအဖွဲ့ Landmine Monitor ရဲ့ ၂၀၂၃ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။

လတ်တလောမှာ ရုရှားနိုင်ငံဟာ ယူကရိန်းနိုင်ငံမှာ မြေုမြှုပ်မိုင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ချထားသုံးစွဲနေတယ်လို့လည်း ဆိုပါတယ်။ တခြားသတင်းတွေရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ မြေုမြှုပ်မိုင်းတွေကို စစ်ကောင်စီတပ်ဖွဲ့တွေရော၊ တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေ ကပါ အသုံးပြုနေကြတယ်လို့ သိရပါတယ်။

၁၉၉၇ ခုနှစ်မှာ အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ မြေမြှုပ်မိုင်းအသုံးပြုမှု ပိတ်ပင်ရေး သဘောတူစာချုပ်ကို ကမ္ဘာ့နိုင်ငံ ၁၆၄ နိုင်ငံက ပါဝင်လက်မှတ်ထိုးထားပေမယ့် အဲဒီစာချုပ်ကို ဒီနေ့အထိ လက်မှတ်ရေးထိုးခြင်းမရှိတဲ့ မြန်မာနဲ့ ရုရှားနိုင်ငံတွေဟာ မြေုမြှုပ်မိုင်းတွေကို ပြီးခဲ့တဲ့နှစ်အတွင်း အများအပြားချထားအသုံးပြုခဲ့တယ်လို့ Landmine Monitor အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required