ဟားမတ်စ် တိုက်ခိုက်မှု ဖြစ်ပြီးနောက် အစ္စရေးမှ စိုက်ပျိုးရေးအလုပ်သမား ၇,၄၀၀ ကို ထိုင်းကယ်ထုတ်ထား 

ဟားမတ်စ် တိုက်ခိုက်မှု ဖြစ်ပြီးနောက် အစ္စရေးမှ စိုက်ပျိုးရေးအလုပ်သမား ၇,၄၀၀ ကို ထိုင်းကယ်ထုတ်ထား 
Photo: EPA

ထိုင်းနိုင်ငံသား ၃၄ ဦး သေဆုံးပြီး ၂၄ ဦးကို ဟားမတ်စ်တို့ ဓားစာခံ ဖမ်းဆီးသွားသည့် အောက်တိုဘာ ၇ ရက် ဟားမတ်စ် တိုက်ခိုက်မှုနောက်ပိုင်းတွင် အစ္စရေးမှ စိုက်ပျိုးရေးအလုပ်သမား ၇,၄၀၀ ကို ထိုင်းနိုင်ငံက ကယ်ထုတ်ထားနိုင်ကြောင်း တာဝန်ရှိသူများက ပြောသည်။ 

အစ္စရေး အရပ်သား အများစုဖြစ်သော သေဆုံးသူ ၁,၄၀၀ ကျော်နှင့် ဟားမတ်စ်တို့ ဓားစာခံ ဖမ်းဆီးထားသည့် ၂၄၀ ခန့်တွင် ထိုင်းစိုက်ပျိုးရေးအလုပ်သမားများလည်း ပါဝင်သည်။  

ထိုင်း ၁၉ ဦးမှာ ထိခိုက်ဒဏ်ရာ ရထားပြီး ၎င်းတို့အနက် လေးဦးသည် တဲလ်အဗစ်ရှိ ဆေးရုံများတွင် ကုသမှု ခံယူနေရကြောင်း ယူအေအီးဆိုင်ရာ ထိုင်းသံအမတ်ကြီး ဆိုရာယွတ် ချဆွန်ဘတ်က ပြောသည်။ 

ထိုင်းနိုင်ငံသားများသည် ဖေ့ဘုတ်တွင် ဗီဒီယိုပို့စ် တင်ထားကြရာ ၎င်းတို့ စိုက်ပျိုးရေး လုပ်နေချိန် အောက်တိုဘာ ၇ ရက် အစောပိုင်း၌ တိုက်ခိုက်မှု ဖြစ်သည်ကို မြင်တွေ့ရသည်။ ဟားမတ်စ်တို့က ဂါဇာနယ်စပ်အနီး အစ္စရေးရပ်ကွက်များဆီ ဒုံးကျည်များ ပစ်ခတ်ရာ အချို့က အကာအကွယ်သို့ ပြေးပုန်းကြသည်ကိုလည်း မြင်တွေ့ရသည်။ 

ဟားမတ်စ်တို့ ထုတ်ပြန်သော ဓာတ်ပုံများတွင် ထိုင်းအလုပ်သမားများကို လက်စည်းနှောင်ထားပြီး ကြမ်းပြင်တွင် ထိုင်ခိုင်းကာ သေနတ်ဖြင့် ချိန်ထားပုံကို မြင်တွေ့ရသည်။ 

ဂါဇာကမ်းမြှောင်ဆီ အစ္စရေးကလည်း လက်တုံ့ပြန် လေကြောင်းတိုက်ခိုက်ရာ ပြည်သူ ၁၀,၅၀၀ ကျော် သေဆုံးရာ၌ ၄,၃၀၀ မှာ ကလေးငယ်များ ဖြစ်သည်။ 

ထိုင်းအလုပ်သမားများ အသက်ဆုံးရှုံးရခြင်းအတွက် ထိုင်းနိုင်ငံအနေဖြင့် ဝမ်းနည်းရကြောင်း ချာဆွန်ဘတ်က ပြောသည်။ 

“များများစားစား သေဆုံးရတာအတွက် ကျွန်တော်တို့ ဝမ်းနည်းရပါတယ်”ဟု ၎င်းက The National သို့ ဆိုသည်။ 

“ထိုင်းတွေ သေဆုံးထိခိုက်ရတာ များပါတယ်၊ ၃၄ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရထားတယ်၊ ၂၄ ဦးက ဓားစာခံ ဖြစ်နေဆဲပဲ၊ သူတို့ လုံခြုံရေးအတွက် ကျွန်တော်တို့ အရမ်း ပူပန်တယ်၊ မကြာခင် နေရပ် ပြန်လာနိုင်မယ်လို့ မျှော်လင့်တယ်”ဟု သူက ပြောသည်။ 

“သူတို့တွေ လယ်ယာပဲ လုပ်ကိုင်နေကြသူတွေပါ၊ ဘာမှာမှ ပါဝင်ကြသူတွေ  မဟုတ်ပါဘူ”ဟု ၎င်းက ပြောပြီး အစိုးရက ဓားစာခံများ ပြန်လွှတ်ရေးတွင် ဆွေးနွေးနေသည်ဟု ထပ်လောင်းဆိုသည်။ 

ဟားမတ်စ်တို့၏ တိုက်ခိုက်မှု ဖြစ်ချိန်၌ အစ္စရေးတွင် ထိုင်းနိုင်ငံသား ၃၀,၀၀၀ နီးပါး အလုပ်လုပ်ကိုင်နေကြပြီး အများစုမှာ လယ်ယာစိုက်ပျိုးရေးတွင် လုပ်ကိုင်ကြခြင်း ဖြစ်သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required