ထိုင်းဝန်ကြီးချုပ်၏ အသက်အား ခြိမ်းခြောက်သည့် ပို့စ်တင်သည့် အမျိုးသားကို ဖမ်းဆီးစစ်ဆေး 

ထိုင်းဝန်ကြီးချုပ်၏ အသက်အား ခြိမ်းခြောက်သည့် ပို့စ်တင်သည့် အမျိုးသားကို ဖမ်းဆီးစစ်ဆေး 
ဓာတ်ပုံ - ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်း/ Photo:AFP

ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်း၏ အသက်အား ခြိမ်းခြောက်သည့် ပို့စ်ကို ယခင် တွစ်တာဟု ခေါ်သည့် X လူမှုပလက်ဖောင်းတွင် ပို့စ်တင်သည့် အသက် ၂၉ နှစ်အရွယ် အမျိုးသားတဦးကို အင်္ဂါနေ့ နံနက်ပိုင်းက ဖမ်းဆီးခဲ့သည်။ 

ဘန်ကောက်ရှိ ဆွိုင်ဆူအန်လောင်းရပ်ကွက်တွင် နေထိုင်သော ကရစ်စာဒါ ပန်ဘန်ဖေ့ယိုဆိုသူကို နေအိမ်မှနေ၍ ဖမ်းဆီးထားခြင်း ဖြစ်သည်။ 

ကရစ်စာဒါသည် X ပလက်ဖောင်းတွင် ဝန်ကြီးချုပ်၏ ပုံကို တင်ပြီး “ဒီ အရပ်ရှည်ရှည် လူ” ၏ အသက်ကို တောင်းဆိုသည့် ရိုင်းစိုင်းသည့် စကားများဖြင့် ဆုကြေးငွေပါ ပေးမည်ဟု ပို့စ်တင်ခဲ့ခြင်း ဖြစ်သည်။ 

ရဲက ဖမ်းဆီးချိန်တွင် ၎င်းက ပို့စ်တင်သည်ကို ဝန်ခံပြီး သူ ကြိုက်နှစ်သက်သည့် နိုင်ငံရေးပါတီက ရွေးကောက်ပွဲကတိများကို မဆောင်ပေးနိုင်၍ စိတ်ပျက်မိခြင်းကြောင့်ဟု ရှင်းလင်းပြောဆိုသည်။ ၎င်းက တောင်းပန်စကားလည်းဆိုပြီး နောက်ဆက်တွဲအတွက် ရင်ဆိုင်ရန် အသင့်ရှိသည်ဟုလည်း ပြောသည်။ 

ရဲက ၎င်းကို ရာဇဝတ်မှု ပုဒ်မ ၃၉၂ အရ အခြားသူတဦးအား ခြိမ်းခြောက်မှုဖြင့် စွဲဆိုထားသည်။ ယင်း ပြစ်ဒဏ်မှာ အများဆုံး ထောင်တလနှင့် ငွေဒဏ် ဘတ် ၁၀,၀၀၀ သို့မဟုတ် ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်ခံရနိုင်သည်။ 

ဖျူထိုင်းပါတီ ဦးဆောင်သော အစိုးရ၏ ခေါင်းဆောင် ဝန်ကြီးချုပ် ဆရတ်သာက ထိုအမှုကို သိရှိကြောင်းနှင့် အာဏာပိုင်များက သင့်တော်စွာ အရေးယူဆောင်ရွက်နေကြောင်း အင်္ဂါနေ့၌ ပြောသည်။ 

အစိုးရ အနေဖြင့် ဝေဖန်မှုများကို တံခါးဖွင့်လှစ်ထားသော်လည်း ခြိမ်းခြောက်မှုကို လက်မခံကြောင်း ဝန်ကြီးချုပ်က ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required