မြန်မာမြောက်ပိုင်းက တိုက်ပွဲများအတွက် အလွန် စိုးရိမ်ပူပန်ကြောင်း တရုတ် ပြော

မြန်မာမြောက်ပိုင်းက တိုက်ပွဲများအတွက် အလွန် စိုးရိမ်ပူပန်ကြောင်း တရုတ် ပြော

မြန်မာမြောက်ပိုင်းက တိုက်ပွဲများကြောင့် “အလွန်” စိုးရိမ်ပူပန်သည်ဟု တရုတ်နိုင်ငံက အင်္ဂါနေ့တွင် ပြောပြီး တရုတ်နိုင်ငံသားများကြား သေဆုံးထိခိုက်မှုများ ရှိစေသည့် လက်နက်ကိုင်ပဋိပက္ခများ အရှိန်မြင့် ဖြစ်ပွားခြင်းကို ပြစ်တင်ပြောဆိုသည်။

“မြန်မာမြောက်ပိုင်းက ပဋိပက္ခတွေအတွက် တရုတ်နိုင်ငံအနေနဲ့ အလွန် စိုးရိမ်ပူပန်မိတယ်”ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဝန်ဝင်ပင်းက ဆိုသည်။

“တရုတ်အနေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အရှိန်မြင့် ဖြစ်ပွားပြီး ရလဒ်အဖြစ် တရုတ်နိုင်ငံသားကြားမှာ သေဆုံးထိခိုက်မှု ရှိစေတဲ့အတွက် အပြင်းအထန် ပြစ်တင်ပါတယ်”ဟု ဝန်က ပြောသည်ကို ပေကျင်းအခြေစိုက် Global Times သတင်းက ကိုးကားဖော်ပြသည်။

ရှမ်းမြောက်တွင် တိုက်ပွဲများ အရှိန်မြင့်နေပြီး မကြာသေးသော ရက်များအတွင်း တရုတ်နယ်စပ်ကို ပိတ်ထားရသည်။

MNDAA၊ TNLA နှင့် AA တပ်များက စစ်စခန်းများစွာ၊ မြို့လေးမြို့ကို ထိန်းချုပ်ထားပြီး တရုတ်သို့ မရှိမဖြစ် ကုန်သွယ်လမ်းကြောင်းကိုလည်း ပိတ်ဆို့ထားသည်။

ရှမ်းပြည်နယ်က ပြင်းထန်သည့် တိုက်ပွဲများကြောင့် ထိတ်လန့်ရကြောင်း ကုလသမဂ္ဂက ဆိုကာ လက်နက်ကြီး ပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားများ သေဆုံးထိခိုက်ရပြီး ပြည်တွင်းနေရပ်ရွှေ့ပြောင်းသူ ထောင်နှင့်ချီကာ နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူ ရာနဲ့ချီ ရှိသည်ဆိုသော သတင်းများကို ကိုးကားပြောဆိုသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required