ဘင်္ဂလားဒေ့ရှ်တွင် ဝန်ကြီးချုပ် နုတ်ထွက်ရေး တောင်းဆိုသည့် ဆန္ဒပြမှုများ အပြင်းအထန် ဖြစ်ပွားပြီး လူသေဆုံးဒဏ်ရာရမှုများ ရှိ

By ရိုက်တာ
29 October 2023
ဘင်္ဂလားဒေ့ရှ်တွင် ဝန်ကြီးချုပ် နုတ်ထွက်ရေး တောင်းဆိုသည့် ဆန္ဒပြမှုများ အပြင်းအထန် ဖြစ်ပွားပြီး လူသေဆုံးဒဏ်ရာရမှုများ ရှိ
ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) ကို ထောက်ခံသူများက ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ရာထူးမှ ဆင်းပေးရန် 2023 ခုနှစ် အောက်တိုဘာလ 28 ရက်နေ့တွင် ကြားနေအစိုးရတစ်ရပ် အောက်တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို ခွင့်ပြုပေးရန် ဒါကာတွင် တောင်းဆိုနေကြစဉ်-Photo-AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာ နုတ်ထွက်ရေးနှင့် ယာယီအစိုးရတရပ်အောက်တွင် လွတ်လပ်၊ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရေး တောင်းဆိုသည့် အတိုက်အခံပါတီတခု၏ ဆန္ဒပြပွဲတခုအတွင်း အောက်တိုဘာ ၂၈ ရက်က ရဲတဦး သေဆုံးပြီး လူ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အတိုက်အခံပါတီဖြစ်သည့် ဘင်္ဂလားဒေ့ရှ် အမျိုးသားရေး ပါတီ (BNP) ၏ ထောက်ခံသူ လူသောင်းချီတို့က မြို့တော် ဒါကာတွင် စုဝေးပြီး အစိုးရ ဆန့်ကျင်သည့် ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြစဉ် ထိပ်တိုက်တွေ့မှုများ ဖြစ်ပေါ်ပြီး ဆန္ဒပြသူများကို ရဲများက မျက်ရည်ယိုဓာတ်ငွေ့၊ ရာဘာကျည်များဖြင့် ပစ်ခတ်ခဲ့သည်။

ရဲကားများနှင့် လူနာတင်ကားများ အပါအဝင် ကားအများအပြား မီးရှို့ခံရကြောင်း ရဲတပ်ဖွဲ့နှင့် မီဒီယာသတင်းများက ထုတ်ဖော်သည်။

ဆန္ဒပြသူများနှင့် ထိပ်တိုက်တွေ့မှုများအတွင်း ရဲတဦး သေဆုံးပြီး အခြား ၄၁ ဦး ဒဏ်ရာရရှိကြောင်း ဒါကာမြို့ မက်ထရိုပိုလစ်တန် ရဲဌာန ပြောရေးဆိုခွင့်ရှိသူ ဖာရွတ် ဟိုစိန်က သတင်းထောက်များကို ပြောသည်။

ပဋိပက္ခ ထိပ်တိုက်တွေ့မှုများကို သတင်းရယူရန် ကြိုးပမ်းခဲ့ကြသည့် သတင်းသမားတချို့လည်း တိုက်ခိုက်ခံရပြီး ဒဏ်ရာရရှိမှုတို့ ရှိကြောင်း မီဒီယာသတင်းများက ဖော်ပြသည်။

လူစုဝေးပွဲ တက်ရောက်ရန် လူထောင်ချီ ရောက်ရှိခဲ့ကြစဉ် ပြီးခဲ့သည့် ရက်များအတွင်း မြို့၌ လုံခြုံရေး တင်းကျပ်ထားခဲ့သည်။ အတိုက်အခံပါတီ တက်ကြွလှုပ်ရှားသူ ရာနှင့်ချီ ဖမ်းဆီးခံရကြောင်း BNP ပါတီ ခေါင်းဆောင်များက ပြောသည်။

ဇန်နဝါရီလ၌ ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲများကို ဘက်မလိုက်သော ယာယီအစိုးရတရပ်အောက်တွင် ကျင်းပခွင့်ရစေရေးအတွက် ဝန်ကြီးချုပ် ဟာစီနာ နုတ်ထွက်ရန် BNP ပါတီက တောင်းဆိုထားသည်။ ထိုတောင်းဆိုချက်ကို ဟာစီနာ၏ ပါတီက လက်ရှိအချိန်အထိ ငြင်းဆန်ထားသည်။

“မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ စပြီး ပစ်ခတ်မခံရခင်အချိန်အထိ ဒီနေ့ စုဝေးပွဲဟာ အတော့်ကို စည်းကမ်းရှိရှိ၊ ငြိမ်းချမ်းတဲ့ ပုံစံနဲ့ ရှိခဲ့တာပါ” ဟု BNP ပါတီ အကြီးတန်းခေါင်းဆောင် အဗ္ဗဒူလ် မိုယင်းန် ခန်းက ရိုက်တာကို ပြောသည်။

“ပြင်းထန်မှုက အရှိန်မြင့်သွားပြီး အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့အတူ ပေါက်ကွဲသံတွေ၊ ပစ်သံခတ်သံတွေက တနေရာလုံးကို စစ်ဇုန်တခုလို ဖြစ်သွားစေခဲ့တယ်”

ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်အပေါ် ဆန့်ကျင်သည့်အနေဖြင့် နိုင်ငံတဝန်း မိုးလင်းမိုးချုပ် ဆန္ဒပြကြရန် BNP ပါတီက ဆော်ဩသည်။

၂၀၀၉ ခုနှစ် အာဏာရပြီးကတည်းက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသည့် ဟာစီနာသည် အာဏာရှင်ဆန်ပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ကာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် ဖိနှိပ်ရင်း ဝေဖန်သူများကို ထောင်သွင်းအကျဉ်းချခြင်းအားဖြင့် အမြင်သဘောကွဲလွဲသူများအပေါ် ဖိနှိပ်ထားခဲ့သည်ဟု စွပ်စွဲခံထားရသည်။

လွတ်လပ်၊ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပပေးရေးအတွက် သူမ၏ အစိုးရသည် အနောက်နိုင်ငံများ၏ ဖိအားပေးခြင်းကိုလည်း ခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required