အိန္ဒိယက Vivo စမတ်ဖုန်းကုမ္ပဏီဝန်ထမ်းတစ်ဦးကို ဖမ်းဆီး 

By Daily Asian Age 
20 October 2023
အိန္ဒိယက Vivo စမတ်ဖုန်းကုမ္ပဏီဝန်ထမ်းတစ်ဦးကို ဖမ်းဆီး 

အိန္ဒိယနိုင်ငံရှိ ငွေကြေးရာဇ၀တ်မှုဆိုင်ရာအေဂျင်စီသည် Vivo စမတ်ဖုန်းထုတ်လုပ်ရေးကုမ္ပဏီမှ တရုတ်နိုင်ငံသား ဝန်ထမ်းတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း ယင်းကုမ္ပဏီက ပြောကြားလိုက်သည်။ အိန္ဒိယ တာဝန်ရှိသူများက မှတ်ချက်ပြုပြောဆိုခြင်း မရှိသေးသော်လည်း Vivo ကုမ္ပဏီဘက်ကမူ ၎င်း၏ ဝန်ထမ်းဖြစ်သူ အန်ဒရူးကွမ်အတွက် ဥပဒေအရ လုပ်ဆောင်နိုင်သည့်ကိစ္စအားလုံးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း BBC သတင်းဌာနသို့ ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံမှ တရုတ်နိုင်ငံသို့ တရားမဝင်ငွေလွှဲမှုများ လုပ်ဆောင်သည်ဟု စွပ်စွဲကာ Vivo ၏ ရုံးခန်းကို အိန္ဒိယအာဏာပိုင်များက ယမန်နှစ်က ဝင်ရောက်စီးနင်းခဲ့သည်။ Vivo သည် Samsung ပြီးလျှင် အိန္ဒိယတွင် ဒုတိယအကြီးဆုံး စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်ကြောင်း စက်မှုလုပ်ငန်းဆိုင်ရာ အချက်အလက်များတွင် ဖော်ပြထားသည်။ 

မည်သည့်အမှားအယွင်းမျှ ပြုလုပ်ထားခြင်း မရှိကြောင်းနှင့် အိန္ဒိယနိုင်ငံ၏ ဥပဒေကို လေးစားလိုက်နာလျက်ရှိကြောင်း Vivo ကုမ္ပဏီက ပြောကြားခဲ့သည်။ အိန္ဒိယနှင့် တရုတ်တို့ကြား သဘောထားကွဲလွဲမှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လာပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ တရုတ်အတွက် ဝါဒဖြန့်ပေးနေမှုဖြင့် စုံစမ်းစစ်ဆေးခံနေရသည့် NewsClick အွန်လိုင်းသတင်းဌာနသို့ ရန်ပုံငွေများ တရားမဝင် လွှဲပြောင်းရာတွင် Vivo ကုမ္ပဏီက ကူညီပေးနေကြောင်း အိန္ဒိယရဲတပ်ဖွဲ့က တရားဝင် စွပ်စွဲထားသည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။  

ငွေကြေးခဝါချမှု တားဆီးကာကွယ်ရေးဥပဒေအရ အောက်တိုဘာ ၁၇ ရက်တွင် ယင်းကဲ့သို့ ဖမ်းဆီးမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဥပဒေသည် လွန်စွာတင်းကြပ်သော ဥပဒေဖြစ်ပြီး များသောအားဖြင့် တရားမမှုအဖြစ် သတ်မှတ်ထားသည့် သာမန် နိုင်ငံခြားငွေလဲလှယ်ရေး ချိုးဖောက်မှုများနှင့်မတူဘဲ ရာဇဝတ်မှုဖြင့် တရားစွဲဆိုခွင့် ပြုထားကြောင်း Khaitan တရားရေးကုမ္ပဏီ၏အကြီးတန်းမိတ်ဖက်ဖြစ်သူ အတူးလ်ပန်ဒေးက ပြောကြားခဲ့သည်။  

အခွန်စည်းကြပ်မှုအေဂျင်စီကလည်း Vivo ကုမ္ပဏီသည် အခွန်တိမ်းရှောင်မှုများကျူးလွန်ကြောင်း စွပ်စွဲထားသည်။ အဆိုပါကုမ္ပဏီကို အိန္ဒိယနိုင်ငံတွင် Oppo နှင့် Realme ကဲ့သို့သော အမှတ်တံဆိပ်များကို ရောင်းချနေသည့် တရုတ်နိုင်ငံမှ BBK အီလက်ထရွန်းနစ်ကုမ္ပဏီက ပိုင်ဆိုင်ခြင်းဖြစ်သည်။ 

အိန္ဒိယအာဏာပိုင်များသည် လွန်ခဲ့သည့် ၁၈ လအတွင်း Xiaomi ကဲ့သို့ အခြားသော တရုတ်မိုဘိုင်းလ်ဖုန်းကုမ္ပဏီများကို ပစ်မှတ်ထားကာ ပိုင်ဆိုင်မှု ဒေါ်လာ သန်း ၆၇၀ ကို သိမ်းဆည်းခဲ့သည်။ 

တရုတ်ကုမ္ပဏီများသည် ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ ပမာဏအထိ အခွန်ရှောင်တိမ်းမှုများ ပြုလုပ်ခဲ့ကြောင်း အိန္ဒိယ အီလက်ထရွန်းနစ်နှင့်သတင်းအချက်အလက်နည်းပညာ၀န်ကြီး ရာဂျိဗ်ချန်ဒရာရက်ခါက ယခုနှစ်အစောပိုင်းတွင် လွှတ်တော်သို့ ပြောကြားခဲ့သည်။ အစိုးရအနေဖြင့် အဆိုပါ ပမာဏ၏ ၁၈ ရာခိုင်နှုန်းခန့်သာ ပြန်လည်ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။  

အိန္ဒိယ စစ်သည် ၂၄ ဦးသေဆုံးခဲ့သည့် ၂၀၂၀ ခုနှစ် နယ်စပ်ပဋိပက္ခနောက်ပိုင်း တရုတ်အစိုးရအား ဖိအားပေးရန် ရည်ရွယ်၍ ယခုကဲ့သို့ ဖိနှိပ်ဖြိုခွင်းမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း အိန္ဒိယရှိ တရုတ်ကုမ္ပဏီများကို ကိုယ်စားပြုသည့် အမည်မဖော်လိုသော အကြီးတန်း ဥပဒေအကြံပေးတစ်ဦးက BBC သို့ ပြောကြားခဲ့သည်။ အိန္ဒိယသည် ထိုစဉ်က TikTok အပါအဝင် ရာနှင့်ချီသော တရုတ်အက်ပလီကေးရှင်းများကို ပိတ်ပင်သည့်နည်းဖြင့် တုံ့ပြန်ခဲ့သည်။  

သို့သော် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက်ပိုင်း Xaomi နှင့် Oppo India ကဲ့သို့ တရုတ်ကုမ္ပဏီကြီးများသည် ငွေကြေးဆိုင်ရာ ရာဇ၀တ်မှုများကို ကျူးလွန်ကြောင်း စွပ်စွဲခံနေရသည်။ အဆိုပါ စွပ်စွဲချက်များကို ကုမ္ပဏီနှစ်ခုစလုံးက ငြင်းဆိုထားသည်။ တရုတ်က ၎င်းပိုင်ဆိုင်ကြောင်း တောင်းဆိုထားသည့် နယ်မြေကို တရုတ်မြေပုံသစ်တွင် ထည့်သွင်းခဲ့မှုအပေါ် အိန္ဒိယက မကြာသေးမီက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီးနောက် အိမ်နီးချင်းနိုင်ငံနှစ်ခုအကြား ဆက်ဆံရေး ဆိုးရွားလာခဲ့သည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required