ဖိလစ်ပိုင် စစ်တပ်၌ AI apps များ အသုံးမပြုရန် အမိန့်ထုတ် 

By IBC 
20 October 2023
ဖိလစ်ပိုင် စစ်တပ်၌ AI apps များ အသုံးမပြုရန် အမိန့်ထုတ် 

ဖိလစ်ပိုင် ကာကွယ်ရေး အကြီးအကဲသည် ပုံတူများ ဖန်တီးပေးနိုင်သည့် လူလုပ်အသိဉာဏ် (AI) ပါ ဒီဂျစ်တယ်အက်ပလီကေးရှင်းများက လုံခြုံရေးဘေးအန္တရာယ် ရှိစေသည်ဟု ဆိုလျက် စစ်မှုထမ်းအားလုံးကို အသုံးပြုခြင်း ရှောင်ကြဉ်ရန် အမိန့်ထုတ်လိုက်သည်။ 

အငြင်းပွား တောင်တရုတ်ပင်လယ်၌ ပိုင်နက်အကျိုးစီးပွားကို ကာကွယ်ရန်နှင့် ဆယ်စုနှစ်ချီ ကွန်မြူနစ်များနှင့် မွတ်စလင်လက်နက်ကိုင်များအား နှိမ်နင်းရန် ဖိလစ်ပိုင်စစ်တပ်က ကြိုးပမ်းနေချိန် အောက်တိုဘာ ၁၄ ရက် မှတ်တမ်းတရပ်ဖြင့် အဆိုပါ အမိန့်အား ကာကွယ်ရေးဝန်ကြီး ဂျီဘာတို တီရိုဒိုရိုက ထုတ်ပြန်ခြင်း ဖြစ်သည်။ 

မကြာသေးခင်က အွန်လိုင်းတွင် ပြန့်နှံ့နေသော အဆိုပါ မှတ်တမ်း စစ်မှန်ကြောင်းကို အမျိုးသားကာကွယ်ရေးဌာနက အတည်ပြုသော်လည်း တီရိုဒိုရိုက ယခုကဲ့သို့ တားမြစ်မိန့် ထုတ်စေခဲ့သည့် အကြောင်း အပါအဝင် အခြားသော အသေးစိတ်ကို မဖော်ပြပေ။ 

အသုံးပြုသူများက ကိုယ့်ဓာတ်ပုံ ၁၀ ပုံ အနည်းဆုံး ထည့်သွင်းပြီး AI ဖြင့် “အမှန်တကယ် စကားပြောဆိုနိုင်၊ လှုပ်ရှားနိုင်သော ဒီဂျစ်တယ်လူပုဂ္ဂိုလ်” ကို ဖန်တီးပေးသည့် ဒီဂျစ်တယ်အက်ပလီကေးရှင်း အသုံးပြုခြင်းကို တီရိုဒိုရိုက အလေးအနက် ဆန့်ကျင်သတိပေးထားသည်။ 

ထိုကဲ့သို့သော အက်ပလီကေးရှင်းများသည် “အချက်အလက်နှင့် လုံခြုံရေး ဘေးအန္တရာယ်များ” ရှိနေကြောင်း ၎င်းက ပြောသည်။ 

“အန္တရာယ် မရှိလောက်ဘူး၊ ပျော်စရာကောင်းတယ်လို့ ထင်ရတဲ့ ဒီ AI သုံး အက်ပလီကေးရှင်းကို ဖျက်လိုဖျက်ဆီးအနေနဲ့ အသုံးပြုနိုင်တယ်၊ ပရိုဖိုင်အတုတွေ ဖန်တီပြီး လူဆိုးသူခိုးတွေ၊ မြို့ပြအင်ဂျင်နီယာတွေ၊ တိုက်ခိုက်မှုတွေနဲ့ အခြား အဖျက်အမှောင့်တွေကို ဦးတည်စေနိုင်တယ်”ဟု တီရိုဒိုရိုက ထပ်လောင်းပြောသည်။ “ဒီလို ဖြစ်ရပ်မျိုး သတင်းတွေလည်း ရှိထားတယ်”ဟု သူက ပြောသည်။ 

“AI သုံး ဓာတ်ပုံတွေ ဖန်တီးပေးတဲ့ အက်ပလီကေးရှင်းတွေ သုံးတာကို ရှောင်ကြဉ်ကြပြီး အွန်လိုင်းသတင်းအချက်အလက် မျှဝေတာကိုလည်း သတိရှိကြဖို့” တီရိုဒိုရိုက ကာကွယ်ရေးနှင့် စစ်မှုထမ်း အားလုံးကို အမိန့်ထုတ်ပြီး ၎င်းတို့၏ လုပ်ဆောင်ချက်များသည် ဖိလစ်ပိုင်ကာကွယ်ရေးဌာန၏ တန်ဖိုးများနှင့် မူဝါဒများနှင့် ညီညွတ်သင့်ကြောင်း ပြောဆိုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required