ထားဝယ် တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း အပါ နိုင်ကျဥ်း ၁၄ ဦး ပြန်လွတ်

By ကိုရွှေမြိတ် (မဇ္ဈိမ)
02 October 2023
ထားဝယ် တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း အပါ နိုင်ကျဥ်း ၁၄ ဦး ပြန်လွတ်

တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်မှ လွတ်ရက်စေ့သည့် နိုင်ငံရေးအကျဉ်းသား ၁၄ ဦး ယနေ့အောက်တိုဘာလ ၂ ရက် နံနက်ပိုင်းက လွတ်မြောက်လာသည်ဟု ထားဝယ်နိုင်ငံရေး အကျဥ်းသားများကွန်ရက်က ထုတ်ပြန်သည်။

“ဒီနေ့ လွတ်လာတဲ့အထဲမှာ ထားဝယ်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ ကိုအောင်ဝေယံကျော် အပါအဝင် ၁၄ ဦး လွတ်လာတယ်လို့ သိရတယ်။ နောက်ပြီး အခြားအမှုနဲ့ လွတ်လာတဲ့ သူတွေလည်း ပါတယ်”ဟု ထားဝယ်နိုင်ငံရေး အကျဥ်းသားများ ကွန်ရက်မှ တာဝန်ရှိသူတဦးက ပြောသည်။

လွတ်မြောက်လာသူများမှာ ထားဝယ်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုအောင်ဝေယံကျော်၊ ကိုသုတတင်စိုး (ခ) မောင်တူး၊ ကိုအောင်သူရဇော်၊ ကိုရဲထွန်း၊ ကိုဝေယံထက်၊ ကိုကျော်မင်းဦး၊ ကိုဇင်မြတ်ဦး၊ ကိုကိုလင်းနိုင်၊ ကိုဝင်းလတ်ထွေး၊ ကိုဥက္ကာရှိုင်းအောင်နှင့် ကိုဝေယံဌေး စသည့် နိုင်ငံရေး အကျဥ်းသားများ ဖြစ်သည်ဟု ဖော်ပြထားသည်။

ယနေ့ လွတ်မြောက်လာသူများသည် နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က) အတွက် ထောင်ဒဏ် သုံးနှစ်နှင့် လက်နက်အမှု အပါဝင် ပုဒ်မ ၁၉ (စ) အတွက် ထောင်ဒဏ် တနှစ် စုစုပေါင်း ထောင်ဒဏ် လေးနှစ် အမိန့်ချမှတ်ခံထားရသူများ ဖြစ်ကြောင်း Dawei Political Prisoners Network ထားဝယ်နိုင်ငံရေး အကျဥ်းသားများကွန်ရက်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် မူးယစ်ဆေးဝါးအမှုနှင့် ထောင်ချခံထားရသူ ငါးဦးလည်း ယနေ့ လွတ်မြောက်လာသူများထဲတွင် ပါဝင်ကြောင်း သိရသည်။

ထားဝယ်အကျဥ်းထောင်တွင် အကျဥ်းသား စုစုပေါင်း ၁၀၀၀ ဝန်းကျင်ရှိပြီး တဝက်ခန့်သည် နိုင်ငံရေး အကျဥ်းသားများ ဖြစ်သည်ဟု သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#တနင်္သာရီတိုင်း

#ထားဝယ်အကျဉ်းထောင်

#နိုင်ငံရေးအကျဉ်းသား

ပုံအညွှန်း-ထားဝယ်မြို့မှာ စစ်တပ်က အာဏာသိမ်းစဉ် ဆန္ဒပြနေစဉ်။(ဓာတ်ပုံ-ပုံဟောင်း)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required