မန္တလေးနန်းမြို့ရိုးအနီး နေအိမ်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ

By 007 (မဇ္စျိမ)
02 October 2023
မန္တလေးနန်းမြို့ရိုးအနီး နေအိမ်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ

 မန္တလေးနန်းမြို့ရိုး အနီး ရပ်ကွက်ဖြစ်သည့် ချမ်းအေးသာစံမြို့နယ်အပိုင် စိတ္တရမဟီရပ်ကွက်ရှိ နေအိမ် တအိမ်ပေါ်သို့ ယနေ့ နံနက် အစောပိုင်းက လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံနှင့် သက်ဆိုင်ရာသတင်းရင်းမြစ်များထံံက သိရသည်။

ယနေ့ အောက်တိုဘာလ ၂ ရက် နံနက် ၄ နာရီ ၂၀ မိနစ်ခန့်က ထိုဖြစ်ရပ်မှ ထွက်ပေါ်လာသည့် ပြင်းထန်သောပေါက်ကွဲသံကို ဒေသခံအများ ကြားလိုက်ရကြောင်း သိရသည်။ မန္တလေးနန်းမြို့ရိုးတောင်ဘက်၊ ချမ်းအေးသာစံံမြို့နယ်၊  စိတ္တရမဟီရပ်ကွက်၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြား၊ ၇၄ လမ်းနှင့် ၇၅ လမ်းကြား၊ စော်ဘွားဝင်းအတွင်းရှိ RC နှစ်ထပ်တိုက်လူနေအိမ်တအိမ်ပေါ်သို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်ခေါင်မိုးပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိကြောင်း  တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုက်အဝန်းထံက သိရသည်။ 

“မန္တလေးမှာ  ဒီနေ့မနက် အစောကြီး အုန်းကနဲ အသံကျယ်ကြီးနဲ့ ပေါက်ကွဲမှုက ကျုံးတောင်ဘက်ကနေ အိမ်တခုထဲ လက်နက်ကြီးကျည်ကျပြီး ပေါက်ကွဲတာဖြစ်နေတယ်။  အခု အဲဒီရပ်ကွက်ကို လုံခြုံရေးတွေက ပိတ်ဆို့စစ်ဆေးနေလို့  အနီးကပ် အခြေအနေ ဘာမှ မသိရသေးဘူး။  လူထိခိုက်မှုတော့မရှိဘူးလို့ ဖုန်းသတင်းရထားတယ်” ဟု လုံခြုံရေးအရအမည်မဖော်ပြလိုသည့် ဒေသခံသတင်းရင်းမြစ် ကပြောသည်။

ထိုအိမ်နှင့် ကပ်လျက်ရှိ နေအိမ်လည်း အနည်းငယ် ထိခိုက်ပျက်စီးခဲ့ပြီး အိမ်အနီးရပ်ထားသည့် ကားတစီး(Toyota Ractis ခဲရောင်)၏ ရှေ့လေကာ မှန်အက်ကွဲခဲ့ပြီး နေအိမ်ရှေ့ ဓာတ်တိုင်မှ ဓာတ်ကြိုးများလည်း ပြုတ်ကျပျက်စီးမှုဖြစ်ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့နှင့်နီးစပ်သူ တဦးကပြောသည်။

“အိမ်ပေါ်ကို လက်နက်ကြီးကျည်ကျပြီးပေါက်ကွဲမှုဖြစ်တာလို့ ကနဦး တွေ့ရှိသတင်း ရထားတယ်။  လူထိခိုက် သေဆုံးမှုမရှိဘူး” ဟု ၎င်းကပြောသည်။

အခင်းဖြစ်နေရာသည် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ မန္တလေးနန်းမြို့၏ တောင်ဘက် ကိုက်သုံးရာကျော် အကွာတွင်ရှိသည်။ ထိုပစ်ခတ်မှုကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ယနေ့ မနက်ပိုင်းအထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်မှုမရှိသေးသလို မဇ္ဈိမအနေဖြင့်လည်း စုံစမ်းနေဆဲဖြစ်သည်။ 

ယမန်နှစ် ဇွန်လ ၂၄ ရက်က  မန္တလေးနန်းမြို့တွင်းသို့  ၁၀၇(မမ) ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ရန် ပြင်ဆင်နေသည့် အဖွဲ့အား စစ်ကောင်စီတပ်က ဖမ်းဆီးနိုင်လိုက်ကြောင်း သတင်းထွက်ပေါ်ခဲ့ဖူးသည်။

စိတ္တရမဟီရပ်ကွက် ၂၆ လမ်းပေါ်ရှိ စစ်ကောင်စီတပ် အသိုက်အဝန်းသာ နေထိုင်ခွင့်ရသော သီရိမင်္ဂလာအိမ်ရာအတွင်းရှိ တိုက်ခန်းတခု အပေါ်ဆုံးထပ် ခေါင်မိုးတွင် သဲအိတ်များဖြင့်ပစ်စင်တည်ဆောက်ထားပြီး နန်းတွင်းသို့ ရှော့တိုက်ဒုံးဖြင့် ပစ်ရန် စီစဉ်နေစဉ် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထိုစဉ်က စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းများတွင် ဖော်ပြကြသည်။

ဖမ်းဆီးရမိသူနှင့်ပတ်သက်၍ PDF အဖွဲ့ဝင်ဖြစ်ကြောင်း စစ်ကောင်စီသတင်းများကဆိုသော်လည်း  ၄င်းတို့၏ အဖွဲ့ဝင် မဟုတ်ကြောင်း ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့များက ငြင်းဆိုခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မန္တလေးနန်းတွင်း
#လက်နက်ကြီးကျည်
ပုံအညွှန်း- လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုဖြစ်ခဲ့သည့်နေအိမ်အတွင်းပိုင်းအားတွေ့ရစဉ်
( ဓာတ်ပုံ-  CJ )
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required