ရဲမှူးချုပ်အောင်ဌေးမြင့် ထောင်ဒဏ် (၄)နှစ်ချမှတ်ခံရဟုဆို

ရဲမှူးချုပ်အောင်ဌေးမြင့် ထောင်ဒဏ် (၄)နှစ်ချမှတ်ခံရဟုဆို

ထိန်းသိမ်းစစ်ဆေးခံနေရသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး၊ဌာနကြီးမှူး ရဲမှူးချုပ် အောင်ဌေးမြင့်ကို ရဲတရားရုံးမှ စုံစမ်းစစ်ဆေးပြီး ထောင်ဒဏ် (၄)နှစ်ချမှတ်လိုက်ကြောင်း နေပြည်တော်ရဲအသိုင်းအဝိုင်းကပြောသည်။

ရဲမှူးချုပ်အောင်ဌေးမြင့်ကို စက်တင်ဘာ ၃၀ရက်တွင် အမိန့်ချလိုက်ခြင်းဖြစ်ပြီး ယင်းနေ့တွင်ပင် ရမည်းသင်းထောင်သို့ ပို့ဆောင်လိုက်ခြင်းဟု သိရသည်။

"ရဲတရားရုံးကနေ အမိန့်ချလိုက်တာပါ။ ရာထူးကိုလည်း ပြန်ရုပ်သိမ်းလိုက်ပါပြီ။  ပြည်ထဲရေးဝန်ကြီးမှတ်ချက်နဲ့ စစ်ဆေးပြီး ထောင်(၄)နှစ်ကျသွားပြီ" ဟု နေပြည်တော်မှ ရဲအရာရှိတဦးကပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လက ပြည်ထဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ရာထူးမှဖယ်ရှားခံရပြီးနောက် ရဲမှူးချုပ် အောင်ဌေးမြင့်၊ မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရဲမှူးချုပ်စိန်လွင်နှင့်စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဉာဏ်မြင့်ကျော်တို့ကို စစ်ကောင်စီက ရာထူးမှ အနားပေးကာ ရဲတရားရုံးဖြင့် စုံစမ်းစစ်ဆေးနေခြင်းဖြစ်သည်။ စစ်‌ကောင်စီက တရားဝင်သတင်းမထုတ်ပြန်သေးသော်လည်း ၎င်းတို့သုံးဦးအား  စစ်ကောင်စီ အစည်းအဝေးမှတ်တမ်းအချို့ ပေါက်ကြားမှု၊ အဂတိလိုက်စားမှုများနှင့်ပတ်သက်၍ စစ်ဆေးနေခြင်းဟု သတင်းများထွက်ပေါ်ခဲ့သည်။

ယခုအခါ ရဲမှူးချုပ်အောင်ဌေးမြင့်ကို ရဲစည်းကမ်းဖောက်ဖျက်မှုဖြင့် ထောင်ဒဏ်(၃)နှစ်၊ သတင်းထိန်ချန်မှုဖြင့် ထောင်ဒဏ်(၁)နှစ်၊စုစုပေါင်း ထောင်ဒဏ် (၄) နှစ်ချမှတ်လိုက်ခြင်းဟု သိရသည်။

" သူ(ရဲမှူးချုပ်အောင်ဌေးမြင့်) က ဝန်ကြီးနဲ့ နီးစပ်သလို အင်္ဂလိပ်လည်း ကောင်းတော့ ဝန်ကြီးက အားကိုးတယ်။ သူ့ဆီမှာ သတင်းအချက်အလက်တွေကို ရှိတယ်။ သတင်းတွေက သူ့ဆီကနေ တိုက်ရိုက်ပေါက်ကြားတာမဟုတ်ဘူး။ ရုံးဖက်ကနေ ပေါက်ကြားတာ။ အခု ထောင်ဒဏ် (၄)နှစ်အပြင် နောက်ထပ်အစွဲခံထားရတဲ့ အမှုတွေလည်း ရှိသေးတယ်" ဟု နေပြည်တော် ရဲချုပ်ရုံးမှ ရဲအရာရှိတဦးကပြောသည်။

ရဲမှူးကြီးစိန်လွင်နှင့်ရဲမှူးကြီးဉာဏ်မြင့်ကျော်အား စစ်ဆေးမှုအခြေအနေကို မသိရှိရသေးပေ။ လတ်တလောတွင် ရဲမှူးချုပ်စိန်လွင်နေရာ၌   မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးအဖြစ်  မြန်မာနိုင်ငံရဲတပ်ဖွဲ့ရုံးချုပ်မှ ရဲရေးချုပ် ရဲမှူးချုပ်သက်နိုင် အစားထိုးဝင်ရောက်လာသည်ဟု သတင်းရရှိသည်။

ရဲမှူးချုပ်သက်နိုင်သည်စက်တင်ဘာလ ဒုတိယလပတ်ထဲမှစတင်ကာ မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးအဖြစ် တာဝန်ထမ်းဆောင်နေခြင်းဟု နေပြည်တော်ရဲအသိုင်းအဝိုင်းကပြောသည်။ အသေးစိတ်ကို အတည်မပြုနိုင်သေးပေ။

စာတည်း - အေးချမ်း
#mizzima
#ရဲမှူးချုပ်အောင်ဌေးမြင့်
#ထောင်ဒဏ်
#ရမည်းသင်းထောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required