ဖလမ်းမြို့နယ်တွင် စစ်ကောင်စီတပ်မှ ကလေးစစ်သား CNDF ထံ ခိုလှုံ

By ပါခွီး (မဇ္ဈိမ)
01 October 2023
ဖလမ်းမြို့နယ်တွင် စစ်ကောင်စီတပ်မှ ကလေးစစ်သား CNDF ထံ ခိုလှုံ
ပုံအညွှန်း - ခိုလှုံလာသည့် ကလေးစစ်သားနှင့် ခဲယမ်းများ ဓါတ်ပုံ  - ပေးပို့

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် စစ်ကောင်စီတပ်မှ ကလေးစစ်သားတဦး ခဲယမ်းများနှင့် ၎င်း တို့ထံ ခိုလှုံလာကြောင်း ချင်းအမျိုးသားကာကွယ်ရေးဖွဲ့ (CNDF)က ပြောသည်။

ဖလမ်းမြို့နယ် ထင်းရှူးစခန်းအနီးတွင် တပ်စွဲထားသောစစ်ကောင်စီတပ်မှ တပ်သားပြည့်ဖြိုးအောင် အသက် ၁၇ နှစ်သည် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ထံ ခိုလှုံလာခြင်းဖြစ် သည်။

တပ်သားပြည့်ဖြိုးအောင်သည် ၎င်းနှင့်အတူ ကျည်ဆံ ၃၄၅ တောင့်၊ လက်ပစ်ဗုံးနှစ်လုံး၊ ၄၀ မမ ကျည် နှစ်တောင့်တို့ယူဆောင်လာခဲ့ကြောင်းသိရသည်။

“ သူတို့စခန်းအနီးတဝိုက်မှာရှိတဲ့ ကျနော်တို့တပ်ရင်းနဲ့ ဆက်သွယ်ပြီးဝင်ရောက်လာတာပါ” ဟု CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျွန်ငိုင်းက မဇ္စျိမကိုပြောသည်။

အဆိုပါ ကလေးစစ်သားမှာ ကလေးမြို့နယ်၊ သာစည်ကျေးရွာဇာတိဖြစ်ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က စစ်ကောင်စီတပ်၏ဖမ်းဆီးခြင်းခံရကာ အတင်းအဓမ္မစစ်သားအဖြစ်ခိုင်စေခြင်းခံရသူဖြစ် ကြောင်း Zalen မီဒီယာကဖော်ပြထားပြီး CNDF ပြောရေးဆိုခွင့်ရသူကမူ ၎င်းတို့ထံ သတင်းပေးပို့မှုမရ သေး၍ မသိရသေးကြောင်း ပြောသည်။

၎င်းတို့ထံ စစ်ကောင်စီတပ်မှ လက်နက်ဖြင့် ခိုလှုံလာသူ ၁၅ ဦးရှိပြီး သေနတ်ယူဆောင်လာနိုင်ပါက ကျပ် သိန်း ၁၀၀ ချီးမြှင့်ကြောင်း ဆိုသည်။

 အာဏာရှင်စနစ်ကျရှုံးဖို့နီးလာပြီဖြစ်၍ စစ်ကောင်စီလက်အောက် အမှုထမ်းနေသူအားလုံး ပြည်သူ့ဖက် သို့ လက်နက်ဖြင့် ပူးပေါင်းလာကြရန် CNDF ပြောရေးဆိုခွင့်ရှိသူက ဖိတ်ခေါ်ထားသည်။

ကလေးမြို့နယ်အတွင်း၌ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့များဖွဲ့စည်းရာတွင် အတင်းအဓမ္မ ငွေကြေးကောက်ခံလေ့ရှိပြီး မိသားစုဦးရေများသူများကို တအိမ်တယောက်ဝင်ခိုင်းကြောင်း ကာကွယ်ရေး တပ်ဖွဲ့များက ပြောသည်။ ထို့ပြင် ပြစ်မှုကျူးလွန်သူများအား ရဲတပ်ဖွဲ့မှဖမ်းဆီးမိပါကလည်း စစ်ကောင်စီ တပ်သို့ အပ်နှံရပြီး ထောင်ကျခံမည်လား စစ်ထဲဝင်မည်လားဟု ရွေးချယ်ခိုင်းကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံသည် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များပါဝင်ပတ်သက်မှုနှင့်စပ်လျဥ်း၍ ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာနောက်ဆက်တွဲစာချုပ်ကို ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က ပဏာမလက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၉ စက်တင်ဘာလ ၂၇ ရက်နေ့တွင် အတည်ပြု လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါစာချုပ်အရ စစ်ကောင်စီတပ်အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့အားလုံး အသက် ၁၈ နှစ်အောက် ကလေးများကို စစ်သားအဖြစ်အသုံးမပြုရန်၊ အတင်းအကျပ်စေခိုင်းခြင်း သို့မဟုတ် ၎င်းတို့ သဘောဆန္ဒ အရ ဝင်ခြင်းမျိုးကို တားမြစ်ရမည်ဖြစ်ကြောင်း သိရသည်။

စာတည်း။  ။စောဖေ

#ချင်းပြည်နယ်
#စစ်ကောင်စီတပ်
#ကလေးစစ်သား
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required