ထိုင်းတွင် ၁ နှစ်အတွင်း မြန်မာရွှေ့ပြောင်းလုပ်သား ၁,၈၅၀ ဦးခန့် ဖမ်းဆီးခံရ

ထိုင်းတွင် ၁ နှစ်အတွင်း မြန်မာရွှေ့ပြောင်းလုပ်သား ၁,၈၅၀ ဦးခန့် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတွင် နိုင်ငံခြားအလုပ်သမားများ လုပ်ခွင့်မရှိသည့် အလုပ်နေရာများတွင် လုပ်ကိုင်နေသူများကို အာဏာပိုင်များက ဖြိုခွင်းနှိမ်နင်းမှု ပြုလုပ်စဉ် ခွင့်ပြုချက်ပါမစ် မရှိဘဲ တရားမဝင် အလုပ်လုပ်ကိုင်နေသည့် ပြည်ပရွှေ့ပြောင်းအလုပ်သမား ၃,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း အလုပ်သမားဦးစီးဌာနကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြသည်။

ထိုင်း အလုပ်သမားဦးစီးဌာနသည် ယမန်နှစ် အောက်တိုဘာလမှ စပြီး ပြီးခဲ့သည့် စက်တင်ဘာ ၂၅ ရက်အထိ နိုင်ငံတဝန်း ရွှေ့ပြောင်းအလုပ်သမားများကို အလုပ်ခန့်သည့် အလုပ်နေရာ ၅၃,၇၃၂ ကို အလျဉ်းသင့်သလို ဝင်ရောက်စစ်ဆေးခဲ့ရာ ပြည်ပရွှေ့ပြောင်းလုပ်သား ၃,၄၆၄ ဦးသည် ခွင့်ပြုချက်မရှိဘဲ တရားမဝင် အလုပ်လုပ်ကိုင်နေသည်ကို တွေ့ရှိခဲ့ကြောင်း သတင်းအရ သိရသည်။

အဆိုပါ ဖမ်းဆီးခံရသည့် ပြည်ပရွှေ့ပြောင်းလုပ်သား ၃,၀၀၀ ကျော်အနက် ၁,၈၅၀ ဦးသည် မြန်မာနိုင်ငံသားများဖြစ်ပြီး ကမ္ဘောဒီးယားမှ ၆၃၆ ဦး၊ လာအိုမှ ၅၆၂ ဦး၊ ဗီယက်နမ်မှ ၁၄၅ ဦးတို့လည်း ပါဝင်ပြီး ကျန်လုပ်သားများမှ အခြားသောနိုင်ငံများမှ ဖြစ်ကြောင်း သိရသည်။

တားမြစ်ပိတ်ပင်ထားသည့် အလုပ်နေရာများတွင် လုပ်ကိုင်နေသူများနှင့် ခွင့်ပြုချက်မရှိဘဲ တရားမဝင် လုပ်ကိုင်နေသူ အများစုကို ဘန်ကောက် အပြင် နွန်သာဘူရီ၊ ချင်းမိုင်၊ ချွန်ဘူရီ၊ နခွန်ပထုံနှင့် ရနောင်းတို့တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အခြားသော အလုပ်သမား ၁,၆၃၄ ဦးသည် ရွှေ့ပြောင်းများ လုပ်ခွင့်မရှိသည့် အလုပ်နေရာများတွင် လုပ်ကိုင်နေကြသည်ကို တွေ့ခဲ့ရသည်။

၎င်းတို့သည် ထိုင်းနိုင်ငံသားများအတွက်သာ ခွင့်ပြုထားသည့် တားမြစ်အလုပ်နေရာများတွင် လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။

ထိုင်းဥပဒေအရ အလုပ်အကိုင်အမျိုးအစား ၄၀ တွင် ရွှေ့ပြောင်းများ လုပ်ကိုင်ခြင်းမှ ပိတ်ပင်တားမြစ်ထားသည်။

တားမြစ်ပိတ်ပင်ထားသည့် အလုပ်အကိုင် ၄၀ တွင် လုပ်ကိုင်နေသည်ကို တွေ့ရှိခဲ့သည့် ရွှေ့ပြောင်းများအနေဖြင့် ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ အထိ ဒဏ်ကြေးများ ပေးဆောင်ရမည် ဖြစ်သလို ၎င်းတို့သည် မိခင်နိုင်ငံသို့ ပြန်ပို့ခံရမည် ဖြစ်ကာ ထိုင်းတွင် အလုပ်လုပ်ခွင့်နှစ်နှစ် ပိတ်ပင်ခံရမည် ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required