ထိုင်းနိုင်ငံက  မီနီမက်(စ်) ဈေးရောင်းပွဲတွင် ရန်ပုံငွေရှာ‌ဖွေနေသူများ ပါဝင်ရောင်းချ

By ဂန္ဒမာ (မဇ္ဈိမ)
30 September 2023
ထိုင်းနိုင်ငံက  မီနီမက်(စ်) ဈေးရောင်းပွဲတွင် ရန်ပုံငွေရှာ‌ဖွေနေသူများ ပါဝင်ရောင်းချ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ The Space Youth Learning Centre တွင်ပြုလုပ်သော မီနီမက်(စ်) ဈေးရောင်းပွဲတွင် တော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေနေသူများ နှင့်အဖွဲ့အစည်းများ ပါဝင်ရောင်းချကြောင်း သိရသည်။

မီနီမက်(စ်) ဈေးရောင်းပွဲအား ယနေ့ စက်တင်ဘာလ ၃၀ ရက်‌နေ့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ 

"အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်ဒေသကိုရွှေ့ပြောင်းလာတဲ့ မြန်မာအသိုင်းအဝိုင်းတွေကြားမှာ စားဝတ်နေရေးအတွက် ရုန်းကန်ရတာတွေ၊ အဖွဲ့အစည်းအလိုက် ရွှေ့ပြောင်းအလုပ်သမားတွေကိုပြန်ပြီးတော့ ထောက်ပံ့ပေးချင်တာတွေ၊ အဲ့လိုမျိုးတွေရည်ရွယ်ပြီးတော့ တစ်လတာမှာ စိတ်အဆင်ပြေမှုတွေ ၊ တခြားသောအဆင်မပြေမှုတွေ ကြုံနေရတဲ့အခါကြရင် တစ်လမှာတစ်ရက်လောက် မြန်မာအချင်းချင်းပြန်လည်စုံစည်းပြီး စားကြသောက်ကြနဲ့ နွေးထွေးတဲ့ဈေးပွဲလေးတစ်ခု နေရာလေးတစ်ခု ဖန်တီးဖြစ်တာပါ "ဟု ပွဲစီစဉ်သူ ကိုမင်းခန့်က ပြောသည်။

ဈေးရောင်းပွဲတွင် CDM ၊ စစ်‌ဘေးရှောင်နှင့် နိုင်ကျဉ်းအမျိုးသမီးများ ပြုလုပ်ထားသော ထုတ်ကုန်များကိုလာရောက်ရောင်းချခြင်းဖြစ်ကြောင်း  အမျိုးသမီးဦးဆောင်ဖွံ့ဖြိုးမှုစင်တာ (WLRC) မှ Project Officer နော်မေ က  ပြောသည်။ 

"‌ရောင်းပေးတာတွေကို အမြတ်ယူရောင်းတာမဟုတ်ပဲနဲ့ အဲ့ဈေးအတိုင်းရောင်းပြီးတော့ ရလာတဲ့ငွေကို ကျွန်မတို့ကနေပြီး အတွင်းထဲကို ပြန်ပို့မယ်။ စစ်ရှောင်ကလေးတွေအတွက်ကိုလည်း ဒီဇင်ဘာကြရင် ကမ်ပိန်းလုပ်ဖို့ရှိတယ် အဲ့အတွက် ရလာတဲ့ငွေတွေနဲ့ကလေးတွေကို ခရစ္စမတ်လက်ဆောင်ပေးမယ်လို့ စီစဉ်ထားပါတယ် "ဟု  ၎င်းက ဆိုသည်။

 တော်လှန်ရေးရဲဘော် မထက်ထက်က ၎င်း၏ ရပ်တည်ရေးအပြင် ထောက်ပို့နေသည့်အဖွဲ့များအတွက် လာရောက် ဈေးရောင်းချခြင်းဖြစ်ကြောင်းဆိုသည်။

"အထူးသဖြင့် တော်လှန်ရေးနဲ့ပတ်သက်ပြီးတိမ်းရှောင်လာရတဲ့ လူငယ်တွေမှာ မိသားစု အိုးအိမ်ကိုပစ်ပြီးလာရတာဖြစ်တဲ့အတွက် ဒီဘက်မှာရပ်တည်ရေးအရမ်းခက်ခဲတယ်။ စိတ်ပိုင်းဆိုင်ရာမှာ အထိအခိုက်အများကြီးဖြစ်ကြတယ်။ အဲ့လိုအခြေအနေမျိုးမှာ ဒီလိုပွဲလေးတွေအများကြီးလုပ်ပေးတဲ့သူတွေရှိတဲ့အတွက် တော်လှန်ရေးနဲ့ပတ်သက်တဲ့လူငယ်တွေလာစုစည်းတယ်။ ဈေးရောင်းတယ်၊ တွေ့ကြပျော်ကြလို့ စိတ်ပိုင်းဆိုင်ရာပြေလျော့တယ်။ ဒီမှာလာရောင်းတဲ့ပစ္စည်းလေးတွေကို ရပ်တည်ရေးအတွက်ဈေးရောင်းပွဲတွေမှာ ပါဝင်ဖြစ်သလို ပစ္စည်းတွေကနေ ရောင်းရတဲ့အမြတ်တွေကိုလည်း အမြဲတမ်းတော်လှန်ရေးအတွက်ထည့်ဝင်ဖြစ်ပါတယ်ရှင်" ဟု ၎င်းက ပြောသည်။

မီနီမက်(စ်) ဈေးရောင်းပွဲအား ယနေ့တွင် ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်ပြီး ပြခန်းပေါင်း ၂၅ ခန်းပါဝင်ကြောင်းသိရကာ ထိုထဲတွင် ဗမာ့ပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) Fundraising Team လည်း ပါဝင်ရောင်းချကြောင်းသိရသည်။

"ကျွန်တော်တို့ BPLA က ရဲဘော်တစ်ယောက် ဒီဇိုင်းထုတ်ထားတဲ့ အင်္ကျီကို ထိုင်းဘတ်ငွေနဲ့ဆို ဘတ် သုံးရာ ၊ တခြားနိုင်ငံရဲ့ ငွေနဲ့ဆိုလည်း ဒီဘတ်ငွေနဲ့ညီမျှတဲ့နှုန်းထားတစ်ခုသတ်မှတ်ပြီး‌ေရာင်းချပေးတယ်။ ဆရာမောင်ဆောင်းခရဲ့ နေကြာပန်းထရော်မာ စာအုပ်ကတော့ ဘတ် ၂၅၀ နဲ့ရောင်းချပြီး BPLA ရဲ့ ဘဏ္ဌာငွေထဲကို အားလုံးစီးဆင်းစေမှာဖြစ်ပါတယ်" ဟု Fundraising Team အဖွဲ့ဝင် ကိုအံ့ဘုန်းမြတ်က ပြောသည်။

The Spaceမှ စီစဉ်သည့် မီနီမက်(စ်) ဈေးရောင်းပွဲတွင် ပါဝင်ပြသရောင်းချသူများအနေဖြင့် တဦးတစ်ယောက်ခြင်း ပိုနေသည် ပစ္စည်းလေးများကစ လက်မှုအနုပညာပစ္စည်းများ ၊အစားအစာများနှင့် ရန်ပုံငွေရှာ‌ဖွေပစ္စည်းများအထိ ရောင်းချနိုင်ကြောင်းသိရကာ အစီအစဉ်အား နေ့လယ် ၃ နာရီမှ ည ၇ နာရီအထိ ပြုလုပ်ခဲ့ပြီး လူငယ်များဦးဆောင်ပါဝင်ကာ ကျင်းပခဲ့ကြောင်း သိရသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#ဈေးရောင်းပွဲတော်
#မဲဆောက်မြို့
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required