ပေါင်းတည်တိုက်ပွဲတွင်  တပ်ဆုတ်သွားသည့် စစ်ကောင်စီတပ်၏  ခဲယမ်းများ ကာကွယ်ရေးတပ်ဖွဲ့ သိမ်းဆည်း

By ရွှေနွယ် (မဇ္ဈိမ)
30 September 2023
ပေါင်းတည်တိုက်ပွဲတွင်  တပ်ဆုတ်သွားသည့် စစ်ကောင်စီတပ်၏  ခဲယမ်းများ ကာကွယ်ရေးတပ်ဖွဲ့ သိမ်းဆည်း

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် ဖြစ်ပွါးသည့် တိုက်ပွဲမှ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်၏  ခဲယမ်းများ သိမ်းဆည်းလိုက်နိုင်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်က မဇ္ဈိမကိုပြောသည်။

စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းက  စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

"ကျွန်တော်တို့ဘက်က တိုက်ခိုက်ပြီးတဲ့နောက် နာရီပိုင်းအကြာမှာ သူတို့ ဆက်တက်မလာတော့ဘူး အထိုင်စခန်းဆီပဲ ပြန်ဝင်သွားတယ်။ အဲ့ဒီနေရာကို ကျွန်တော်တို့ဘက်က ရှင်းလင်းရေးဝင်လုပ်တဲ့အခါမှာ ခဲယမ်းတွေသိမ်းဆည်းရခဲ့ပါတယ်" ဟု ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) မှ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)တပ်ခွဲ(၂)နှင့် တပ်ရင်း (၃၆၀၂) တပ်ခွဲ (၄) စနိုက်ပါ တပ်ဖွဲ့တို့က ကိုင်းကွင်းအုပ်စု၊ ကိုင်းကွင်းရွာနှင့် ထန်းကုန်းရွာကြားတွင် ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုရှိခဲ့ကြောင်း PPDF ပြန်ကြားရေးတာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ပွဲဖြစ်ပွားရာနေရာအား ရှင်းလင်းရေးလုပ်ရာ မပေါက်ကွဲသေးသော  ၆၀ မမကျည် နှစ်တောင့်နှင့် အသုံးပြုပြီးသော၄၀ မမကျည်ခွံများ၊ ၇.၆၂ကျည် နှစ်တောင့်နှင့် ကျည်ခွံများကို သိမ်းဆည်းနိုင်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်ထံက သိရသည်။

ပေါင်းတည်မြို့နယ် တာဝါတိုင်စခန်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့  စစ်ကြောင်းထိုးလာချိန်တိုင်းတွင် ကာကွယ်ရေးတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွါးခြင်းရှိသည်ဟု PPDF ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

"တပ်မ (၆၆) လက်အောက်ခံတပ်တွေပါ။ အမြင့်ဆုံးအဆင့်ကတော့ ဗိုလ်ကြီးအဆင့်လောက်ပါတယ်။ မကြာခဏ တိုက်ခိုက်ခံရတဲ့အခါ သူတို့ဘက်က ရွာသားတွေကို စစ်ကြောင်းအတွင်း လူသားဒိုင်းအနေနဲ့ ခေါ်လာတာမျိုးတွေရှိပါတယ်" ဟု ၎င်းကပြောသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ကလည်း  ကြို့ပင်ကောက်မြို့နယ်၊ ခုနစ်အိမ်တန်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးပူးပေါင်းအဖွဲ့တို့၏စခန်းကို ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သေးသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်ထံက သိရသည်။

ပစ်ခတ်တိုက်ခိုက်မှုကြာချိန် မိနစ် ၃၀ခန့်ရှိပြီးကင်းစောင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးကာ တဦးထိခိုက်ဒဏ်ရာရကြောင်း Black Dragon တပ်ဖွဲ့တာဝန်ရှိသူ ရိုးမနဂါးက မဇ္ဈိမကိုပြောသည်။

“ဒေသခံသတင်းပေးတွေရဲ့ ပြောဆိုချက်အရ သူတို့ဘက်က သေဆုံးထိခိုက်မှုကို ကျွန်တော်တို့အတည်ပြုလို့ရပါတယ်” ဟု ၎င်းက‌ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအား PDF တပ်ရင်း (၃၈၀၂) တပ်ခွဲ(၆) Black Dragon (GBK PDF)နှင့် တပ်ရင်း (၃၈၀၁) လက်အောက်ခံတပ်ခွဲများက သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

စာတည်း ။       ။ ဖူးသိမ်ကျ
စာတည်း။ ။အောင်ကျော်ဖြိုး

#ပဲခူးတိုင်း
#ပေါင်းတည်မြို့နယ်
#တိုက်ခိုက်မှု
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required