ပူတာအိုမှာ အဖမ်းခံရသည့် CDM ကျောင်းအုပ်ဆရာကြီး ပြန်လွတ်လာ 

By အဂမ် (မဇ္ဈိမ)
30 September 2023
ပူတာအိုမှာ အဖမ်းခံရသည့် CDM ကျောင်းအုပ်ဆရာကြီး ပြန်လွတ်လာ 

ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ်၊ နမ်းခမ်းကျေးရွာမှ အဖမ်းခံရသည့် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ကျောင်းအုပ်ဆရာကြီးသည် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ပြန်လွတ်လာပြီဟု မိသားစုဝင်တဦးက မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးခံရသည့် အသက် ၆၀ အရွယ် ကျောင်းအုပ်ဆရာကြီး ဦးဟေဆန်းသည် ပူတာအိုမြို့နယ်၊ မူလာရှီးဒီအထက်တန်းကျောင်း၏ ကျောင်းအုပ်ဖြစ်ပြီး စက်တင်ဘာလ ၂၇ ရက်နေ့ ည ၉ နာရီမှာ ၎င်း၏ နေအိမ်၌ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။ 

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့က ၎င်းကို ဖမ်းဆီးပြီးနောက် ပူတာအိုအခြေစိုက် ဗျူဟာတပ်ရင်းတွင် ထိန်းသိမ်းထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဖမ်းခံရသည့် ကျောင်းအုပ်ဆရာကြီး ဟေဆန်းသည် ဆီးချို၊ သွေးချိုနှင့် ကျောက်ကပ်ရောဂါ ခံစားနေသူဖြစ်ပြီး ပူတာအို နေအိမ်သို့ ခေတ္တပြန်လာစဥ် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

“ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ပြန်လွတ်လာခဲ့ပါပြီ၊ အခုအိမ်ကို ပြန်ရောက်ပါပြီဗျ၊ ဘာမှလည်း ထိခိုက်မှု မရှိပါဘူး” ဟု မိသားစုဝင်တဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပူတာခရိုင်အတွင်းရှိ ဌာနအသီးသီးမှ ဝန်ထမ်းများ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသော်လည်း လက်ရှိမှာ CDM အချို့သည် ခံဝန်ကတိဖြင့် လက်မှတ်ထိုး ရုံးပြန်တက်နေကြကြောင်းလည်း မြို့ခံများက ပြောသည်။

စာတည်း။    ။ နောင်နောင်
စာမူတည်းဖြတ်။     ။ သန့်ဇော်(သန်လျင်)

Photo - အဖမ်းခံရသည့် CDM ကျောင်းအုပ်ဆရာ ကြီး ဟေဆန်း

#CDM
#ပူတာအို
#မချမ်းဘော့
#Mizzima
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required