ဖယ်ခုံမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ကို ရဲတပ်ကြပ် ဓားပြတိုက်

By ဂျူချန်း (မဇ္ဈိမ)
30 September 2023
ဖယ်ခုံမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ကို ရဲတပ်ကြပ် ဓားပြတိုက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တဆိုင်ကို ရဲတပ်ကြပ်တဦးက ဓားပြတိုက်ကာ  ငွေကျပ် ၁၀သိန်းယူဆောင်သွားကြောင်း ဖယ်ခုံမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

“မြို့လယ်ခေါင်မှာဆိုတော့ ချက်ချင်းသိသွားတာ ဓားပြတိုက်သူကို။ သူက ရဲစခန်းအနီးက ပြည်သူ့ဆိုင်ကယ်ကို ငှားသွားခဲ့တယ်။ ဆိုင်ရှင်က လူရော ဆိုင်ကယ်ရောသိနေတော့ ဆိုင်ကယ်ပိုင်ရှင်ကိုဖုန်းဆက်ပြီး အဲ့ကောင်ဘယ်သူလဲမေးတော့ ရဲစခန်းကဖြစ်နေတယ်” ဟု (၁၀၀၆) တပ်ရင်း၊ ဖယ်ခုံ PDF တပ်ရင်း(၂)  မှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

စက်တင်ဘာလ ၂၈ ရက် ညနေ ၃နာရီခွဲအချိန်ခန့်တွင် ဖယ်ခုံမြို့နယ်၊ ညောင်ကုန်း(၂) ရပ်ကွက်၊ အောင်ကျော်သန့်လမ်းရှိ မြတ်စေတနာ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ကို ဖယ်ခုံမြို့မ ရဲစခန်းမှ ရဲတပ်ကြပ် မျိုးမင်းအောင်ဆိုသူက ဓားပြတိုက်သွားခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

“ရဲစခန်းနဲ့ဆို ဖြစ်တဲ့နေရာက သုံးမိနစ် လောက်ပဲလမ်းလျောက်ရင်ရောက်တယ်။ သူကစျေးသွားဝယ်တာဖြစ်ပုံရတယ် ဆိုင်ရှင်က ငွေရေတွက်နေတာတွေ့တော့ လက်နက်လို့ ထင်စေတဲ့အရာကို ပုဆိုးနဲ့အုပ်ပြီး သေနတ်ချိန်ထားသလိုလုပ်ပြီး ၁၀သိန်း ယူသွားတာ” ဟု  (၁၀၀၆)တပ်ရင်း၊ ဖယ်ခုံ PDF တပ်ရင်း(၂)မှ တာဝန်ရှိသူက ပြောသည်။

ဆိုင်ရှင်က ဖယ်ခုံမြို့မရဲစခန်းသို့ သွားရောက်တိုင်တန်းချိန်တွင် ထိုရဲတပ်ကြပ်မျိုးမင်းအောင်သည် အပြင်မှပြန်လာသည်နှင့်တိုးသဖြင့် စစ်ဆေးရာ ဓားပြတိုက်သွားသည့် ငွေကျပ် ၁၀သိန်းကို သက်သေနှင့်တကွ မြင်တွေ့ရသည့်အတွက် လက်ရှိတွင် ၎င်းအား ဖယ်ခုံမြို့မရဲစခန်း အချုပ်၌ ဓားပြမှုနှင့် ရဲစည်းကမ်းဖောက်ဖျက်မှုတို့ဖြင့် စစ်ဆေးအရေးယူထားသည်ဟု ရဲစခန်းအသိုင်းအဝိုင်းထံမှ သိရကြောင်း ဖယ်ခုံ PDF တပ်ရင်း(၂)  မှ တာဝန်ရှိသူက ပြောသည်။

“မြတ်စေတနာ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ကို ရဲက ဓားပြတိုက်သွားတာ။ ခု ရဲစခန်းမှာပဲ ရှိသေးတယ်။ အပြစ်ပေးခံရတယ်လို့ကြားတယ်” ဟု ဖယ်ခုံဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

ဓားပြတိုက်မှုကျူးလွန်သည့် ရဲတပ်ကြပ် မျိုးမင်းအောင်သည် ဖယ်ခုံမြို့မရဲစခန်းသို့ ပြောင်းလာသည်မှာ တနှစ်ကျော်ခန့်ရှိပြီးဟု ဒေသခံများထံက သိရသည်။

ဖယ်ခုံမြို့တွင် ခိုးမှု၊ လုယက်မှုနှင့် ဓါးပြမှုများ မကြာခဏ ဖြစ်ပွားနေဟု ဒေသခံများထံက သိရသည်။ 

ယခုစက်တင်ဘာလ နောက်ဆုံးပတ်အတွင်း ဖယ်ခုံ-လွိုင်ကော် ကားလမ်းမကြီးဘေးရှိ ကွမ်လုံကျေးရွာအနီး နေမင်းသစ် ဆီဆိုင်တွင်လည်း လုယက်မှုတခု ဖြစ်ပွားခဲ့ရာ တရားခံကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။

စာတည်း ။      ။ ဖူးသိမ်ကျ

#ရှမ်းပြည်နယ်
#ဖယ်ခုံမြို့
#ဓားပြမှု
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required