တန့်ဆည်မြို့ပေါ်တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦးထက်မနည်းသေဆုံး၊သေနတ် ၁၄ လက်ရဟုဆို

By MTO(မဇ္ဈိမ)
22 September 2023
တန့်ဆည်မြို့ပေါ်တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦးထက်မနည်းသေဆုံး၊သေနတ် ၁၄ လက်ရဟုဆို

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ လဝကရုံးအပါအဝင် စစ်ကောင်စီတပ်များ အထိုင်ချတပ်စွဲထားသည့် နေရာနှစ်ခုကို ယနေ့ နံနက်အစောပိုင်းတွင် စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၁၄ ဦးထက်မနည်းသေဆုံးပြီး သေနတ် ၁၄လက် ရရှိကြောင်း တန့်ဆည်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံမှသိရသည်။

တန့်ဆည်မြို့လ၀ကရုံးနှင့်ဒေါင်းမင်းဆီဆိုင်အဟောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ ကို ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၂ ခွဲ အချိန်တွင် ကာကွယ်ရေးရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ ရဲဘော်တွေက ညဦးပိုင်းလောက်ကတည်းက နေရာယူထားတာ။  အဲ့ဒီနှစ် နေရာပေါင်းအင်အား ၃၀  လောက်ရှိတယ်။ လက်နက်က ၁၄ လက် နဲ့ ကျည်တွေ ဆိုင်ကယ်တွေ ရခဲ့တယ်။ လက်နက် ၁၄ လက်ဆိုတော့ ၁၄ ယောက် သေချာပေါက်သေတယ်။  နောက်ထပ်သေဆုံးမှုတွေလည်းရှိတော့ ၂၀ လောက်တော့ ရှိမယ်” တန့်ဆည်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

နှစ်ဘက် ရင်ဆိုင်တိုက်ပွဲသည်  ၂နာရီခွဲကျော်ကြာမြင့်ခဲ့ပြီး စီးနင်းတိုက်ခိုက်ခဲ့သည့် နှစ်နေရာစလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။ စစ်ကောင်စီထံမှ သိမ်းဆည်းရမိသည့် လက်နက်များတွင် G-3 ၊ MA -3၊ MA -1  နှင့် ခြောက်လုံးပြူးသေနတ်များ ပါဝင်ကြောင်း သိရသည်။

ဒေါင်းမင်းဆီဆိုင်နေရာဟောင်းနှင့် လ၀က ရုံးသည် တန့်ဆည်မြို့ မြောက်ဘက်တွင်တည်ရှိပြီးမြို့မ ရဲစခန်းနှင့် တမိုင်ကျော်သာကွာဝေးသည်။တန့်ဆည်မြို့နယ်ပကဖ ၊ ခရိုင်လက်နက်ကြီးတပ်ဖွဲ့ နှင့် ရွှေဘိုခရိုင်အတွင်း ရှိတပ်ရင်းများ ပါဝင်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကျဆုံးခဲ့ကြောင်းသတင်းရရှိသည်။

စစ်ကောင်စီတပ်သည် ယနေ့တွင် တန့်ဆည်မြို့ပေါ်သို့ အင်အားတိုးချထားပြီး တိုက်ခိုက်ခံရသည့်နေရာများကို ရှင်းလင်းရေးလုပ်နေကြောင်းနှင့် ဒေသခံများအား နေအိမ်ပြင်ပသို့ ထွက်ခွင့်မပေးဘဲ စစ်ဆေးနေကြောင်း ပြည်သူ့ကာကွယ်ရေးရဲ‌ဘော်တဦးက ပြောသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly